ရန်ကုန်  မေ   ၈ 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဇော်အေးမောင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ရှိ တာဝန်ခံနှင့် ဝန်ထမ်းများကို တွေ့ဆုံခဲ့ပြီး မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တွေ့ဆုံမှာကြားသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဲခူးမြစ်မှ ဒီရေလျှံတက် ဝင်ရောက်လာမည့်နေရာများတွင် ဒီရေဝင်ရောက်မှု ကာကွယ်နိုင်ရန် သဲအိတ်များ စနစ်တကျပြုလုပ်၍ ကာရန်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအတွင်းရှိ ရေချိုသိုလှောင်ထားသော ကန်များအတွင်း ပင်လယ်ဒီရေ ရေငန်များ ဝင်ရောက်မှုမရှိစေရန် သဲအိတ်များဖို့၍ ကြိုတင်ကာကွယ်စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားရိုးရာ အိမ်များ၏ ခြံဝင်းထဲရှိ ပြိုလဲနိုင်ခြေရှိသောအပင်ကြီးများကို ကြိုတင်၍ အကိုင်းအခက်များ ခုတ်ထွင်းရှင်းလင်းထားရန် လိုပါကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ် ပေါ်လာပါက လျှပ်စစ်မီး၊ transformer များအား main ခလုတ် ကြိုတင်ပိတ်ထားရန် လည်းလိုပါကြောင်း၊ ရုံးဌာနရှိ အရေးကြီးစာရွက်စာတမ်းများကို ဉီးစားပေး (၁)၊ (၂) စသည်ဖြင့် မိုးဒဏ်လေဒဏ် ကာကွယ်သောနေရာများသို့ ပြောင်းရွှေ့ထားရန် မှာကြားလိုပါကြောင်း၊ ရှေးဉီးသူနာပြုအဖွဲ့မှ လိုအပ်သည့်ဆက်စပ်ပစ္စည်းများအား ဝယ်ယူပြီး စနစ်တကျစုဆောင်း ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြားလိုပါကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆက်သွယ်ရေး ပြတ်တောက်မှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာဘေး(စီမံ) ကော်မတီများနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ တည်ဆောက်ပြီး ဆိပ်ခံဗောတံတားအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ သဘာဝဘေး အန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်