နေပြည်တော် မေ၂၄

 

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)တွင် သဘာဝဘေးအန္တာရာယ်ကြောင့် ကျေးရွာအတွင်းပျက်စီးခဲ့မှုကို ပြန်လည်ပြင်ဆင်နိုင်ရေး ကြည့်ရှု စစ်ဆေး၍ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ဆိပ်ခံဗောတံတား စီမံကိန်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်များ တိုင်းရင်းသားဘာသာ အခက်အခဲကို ကျော်လွန်၍ ကျောင်းနေပျော်ပြီး ကျောင်းထွက်နှုန်းလျော့ကျစေရန် တိုင်းရင်းသားဘာသာ သင်ကြား နည်းစနစ်များ ပိုမိုစနစ်ကျကောင်းမွန်လာစေရန် ရည်ရွယ်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားသင်ထောက်ကူ Teaching Assistant (TA) နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း ၁/၂၀၂၃ တွင် တက်ရောက်နေသည့် တိုင်းရင်းသား ဆရာ၊ ဆရာမများကိုတွေ့ဆုံ၍ မြန်မာ့ပထဝီ နိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)