နေပြည်တော် သြဂုတ် ၂၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည်  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တာဝန်ရှိသူများနှင့်အတူ   ယမန်နေ့က ၂၀၂၄−၂၀၂၅ ခု ဘဏ္ဍာရေးနှစ် တိုင်းရင်းသား ကျေးရွာအဆင့်မြှင့်တင်ရေးလုပ်ငန်းများ တွင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီလုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ်ဒုတိယဝန်ကြီးက တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများကို စေတနာထား၍ ဆောင်ရွက်ကြရန် နိုင်ငံတော်ဘဏ္ဍာဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ်တွင် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်၍ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ လိုက်နာကြရန်၊  လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ဝန်ထမ်းများသည် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို အစဉ်တစိုက်လေ့လာသွားကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ဆောင်ရွက်လျှက်ရှိသည့် ကပွဲခန်းမအထွေထွေပြုပြင်ခြင်း၊ အုပ်ချုပ်မှုရုံးအဆောက်အအုံ ဆေးသုတ်ခြင်း၊ ပြည်ထောင်စု ခန်းမအထွေထွေပြုပြင်ခြင်း၊ ဆိပ်ခံဗောတံတား အဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် သီးပင်စားပင်များ စိုက်ပျိုးထားရှိသည့် စိုက်ခင်းအခြေအနေ ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး က (၁/၂၀၂၄) Keyboard အခြေခံအတီးသင်တန်းဆင်း ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းသား/သူ (၁၄) ဦးကို သင်တန်းဆင်း လက်မှတ်ပေးအပ်ကာ သင်တန်းသား/သူများက သင်တန်းတွင် သင်ကြားခဲ့သည့် တေးသီချင်းများဖြင့် တီးခတ်ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ယင်းနောက် အမျိုးသားအားကစားပွဲတော်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားဘောလုံးအသင်း လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှု၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်