တောင်ကြီး နိုဝင်ဘာ ၁၈
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ယနေ့ နံနက် ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအနေဖြင့် ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များ သည် အလွန်အရေးကြီးပြီး ကျွမ်းကျင်စွာတတ်မြောက်ထားရမည်ဖြစ်ကာ စာရင်းစစ် စစ်ဆေးခံနိုင်ရန် အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းမြေယာများ အသုံးပြုရန်လျှောက်ထားလာသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းရင်းသား ဒေသများတွင် အကျိုးသက်ရောက်မှုရှိ/မရှိ၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုရှိ/မရှိကို ဌာနမှ ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးပြီးမှ သဘောထားမှတ်ချက် ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသော ဘဏ္ဍာရန်ပုံငွေ များကို ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက် မတိုင်မီအတွင်း ကျရောက်မည့် တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်များအတွက် သုံးစွဲသွားမည်ဖြစ်၍ စာရင်းများပြုစုပေးစေလိုပါကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနဘက်ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် “တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ထားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာအစား အစာ၊ ယဉ်ကျေးမှု၊ အနုပညာဆိုင်ရာများနှင့် ပတ်သက်ပြီး ပြပွဲများကျင်းပနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်တွင် ထည့်သွင်းလျာထားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)