နေပြည်တော် အောက်တိုဘာ ၂၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က အသင်းအဖွဲ့များအနေဖြင့် အသင်းများ၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ လုပ်ကိုင်ရာဆောင်ရွက်ရာတွင် ဥပဒေဘောင်အတွင်း၌ ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့များ မှတ်ပုံတင် ရေးဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့ကို တိုင်းဒေသကြီးအဆင့်ထိ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ထား ကြရန် မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အသင်းအဖွဲ့ မှတ်ပုံတင်ရေး ဥပဒေအရ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်နေမှုများနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် တာဝန်ရှိသူများက လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည်   ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနမှအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ စီမံကိန်းပါလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံအပေါ်  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များထားရှိကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ဈေးနှုန်းနှိုင်းယှဉ်ချက်ဖြင့် ဆောင်ရွက်ခဲ့ သည့် လုပ်ငန်း()မျိုးနှင့် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သော လုပ်ငန်း()မျိုး၏ လုပ်ငန်း ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများနှင့် ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာန ကိုယ်စားပြုဘောလုံး (အမျိုးသား) အသင်းနှင့် ဖူဆယ်(အမျိုးသား)အသင်းတို့၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)