နေပြည်တော် ဇန်နဝါရီ ၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်း၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လှည်းကူးမြို့နယ်၊ ဖောင်ကြီးအခြေခံပညာအထက်တန်းကျောင်း၊ မင်းကုန်း အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက  အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများကို အမှန်တကယ်ပညာ တတ်မြောက်အောင် သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ ပညာတတ်အောင် သင်ကြားပေး ခြင်းနှင့်အတူ ယဉ်ကျေးလိမ္မာအောင်၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိအောင်နှင့် အကျင့်စာရိတ္တ ကောင်းမွန်သော ပညာပြည့်ဝနှလုံးလှသည့် နိုင်ငံသားကောင်းများဖြစ်လာအောင် ပြုစုပျိုး ထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊  ထိုသို့ပြုစုပျိုးထောင်ရာတွင် မိဘ၊ဆရာ၊ကျောင်းသား ပူးပေါင်း၍လက်တွဲညီညီကြိုးစားဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ နိုင်ငံသားတိုင်း အခြေခံပညာကို  KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်နှစ်တစ်နှစ် အောင်မြင်ပြီးမြောက်အောင် သင်ယူနိုင်ရေးအတွက်  စေတနာ၊ ဝါသနာ၊ အနစ်နာတို့ဖြင့်သစ္စာရှိရှိ ကြိုးစားသင်ကြားပေးနေကြသည့် ဆရာဆရာများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ယူပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ဆရာ၊ မိဘများ ကြည်နူးပျော်ရွှင်စွာ လက်တွဲ၍ ပညာရေးစုံညီပွဲတော်များ၊ အားကစားပွဲများ၊ ပြပွဲ၊ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေသည်ကို ဝမ်းမြောက်စွာတွေ့မြင်ရပါကြောင်း၊ ကျောင်းများတွင် စီမံရေးရာဆိုင်ရာ၊ ဘဏ္ဍရေးရာဆိုင်ရာနှင့် ပညာရေးဆိုင်ရာလုပ်ငန်း လိုအပ်ချက်၊ အခက်အခဲများရှိပါက အချိန်နှင့် တပြေးညီ တင်ပြစေလိုပါကြောင်း၊ လိုအပ်ချက် များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်