နေပြည်တော် ဖေဖော်ဝါရီ ၂၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် သည် ယနေ့ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ မတ် ၁ ရက်မှ ၇ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ ကျင်းပပြုလုပ်မည့် “၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲတော်” (The World Youth Festival 2024)သို့ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက “၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော် "(The World Youth Festival 2024)သည် ကမ္ဘာ့အကြီးဆုံး လူငယ်ပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော်သို့တက်ရောက် မည့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် တစ်ဆက်တည်းကျင်းပမည့် (၆)ကြိမ်မြောက် အာဆီယံ-ရုရှား လူငယ်တွေ့ဆုံပွဲ (6th ASEAN-Russia Youth Summit)သို့လည်း ဆက်လက်ပါဝင်တက်ရောက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ လူငယ်ကိုယ်စားလှယ်များ၊ လူငယ်ခေါင်းဆောင်များနှင့်အတူ အသိပညာ၊ ဗဟုသုတများ၊ အတွေ့အကြုံများ အပြန်အလှန်မျှဝေ၍ ချစ်ကြည်ရင်းနှီးမှုရရှိအောင် ဆောင်ရွက်ကြရန်၊ လူငယ်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင် ဖော်ဆောင်ပေးနိုင်ရေး၊ ကျရာအခန်းကဏ္ဍတွင် ပိုင်ပိုင်နိုင်နိုင် ပါဝင်ဆွေးနွေးနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်လေ့ကျင့်သွားရန်နှင့် နိုင်ငံတကာမှတက်ရောက်ကြမည့် လူငယ်ခေါင်းဆောင်များနှင့်အတူ မိမိတို့ပါဝင်ဆွေးနွေးမည့် ခေါင်းစဉ်အလိုက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အခြားနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို လေးစားလိုက်နာရန်နှင့် မိမိနိုင်ငံ၏ဂုဏ်သိက္ခာ ကျဆင်းစေမည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်ကြဉ်ကြရန် မှာကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော်သို့ တက်ရောက်မည့် လူငယ်ကိုယ် စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားကာ အခမ်းအနားကို  ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်