ရန်ကုန် ဇူလိုင် ၂၅

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့် ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်း တက်ရောက်နေသည့် သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် လူငယ်များအား အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာကြံ့ခိုင်ရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့် ပညာရေးကို ပေါင်းစပ်သင်ကြားပေးခြင်းဖြင့် ကျောင်းသားလူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ စုစည်းညီညွတ်သည့် စိတ်ဓာတ်၊ အဖွဲ့အစည်းနှင့် အောင်မြင်မှု ရရှိအောင် ဆောင်ရွက်တတ်သည့် စိတ်ဓာတ်နှင့် တိုင်းချစ်ပြည်ချစ်စိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲ တော်ကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်၏ အဖိုးတန်ရတနာများ ဖြစ်သည့်အတွက် မိမိဘဝ၊ မိသားစုဘဝ တိုးတက်ကောင်းမွန်အောင်၊ နိုင်ငံတော်က အားထားရသောသူများဖြစ်အောင်၊ နိုင်ငံချစ်စိတ်ဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး ဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသား/အမျိုးသမီး (၄)ထပ် အိပ်ဆောင်၊ စားရိပ်သာ၊ လေ့ကျင့်ရေးကွင်း(၁)ရှိ ပြေးခုန်ပစ်ပြေးလမ်း၊ ဝူရှူးအားကစားရုံနှင့် ဘော်လီဘောအားကစားရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်