နေပြည်တော် ဖေဖော်ဝါရီ ၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ခြင်းလုံးခတ်ပညာသည် မြန်မာလူမျိုးများ၏ မူပိုင်အားကစားတစ်ရပ် ဖြစ်ပါကြောင်း၊ ကမ္ဘာ့အလယ်တွင် ခြင်းလုံးပညာကို ပြိုင်ပွဲအသွင်နှင့် နည်းစနစ်မှန်ကန်စွာ ခတ်ကစားပြသခဲ့ပြီး ဆက်လက်တိုးတက် ပြန့်ပွားနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပနိုင်ရေးစည်းရုံး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှလည်း လိုအပ်သည့်ပံ့ပိုး ကူညီမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် သင်တန်းဆရာများမှ သင်ကြားပို့ချပေးသည့် စာတွေ့/လက် တွေ့သင် ခန်းစာများကို ဂရုတစိုက်လေ့လာ မှတ်သား လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းကို ဖေဖော်ဝါရီ (၂)ရက်မှ (၉)ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ သင်တန်းသား/ သင်တန်းသူ (၄၈)ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


