နေပြည်တော် ၃၀ နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ကို ဆက်သွယ်ထားသော လှိုင်မြစ်ကူး ဘုရင့်နောင်တံတား အမှတ်(၁) တံတားကြံ့ခိုင်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီး၍ တံတား၏ ခံနိုင်ရည်ကို သိရှိနိုင်ရန် Load Test စမ်းသပ်ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးကျော်လင်း ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ တံတားခံနိုင်ဝန်ကို သိရှိရန်အတွက် Deflection Bending Stress and Bearing Movement & Expansion Joint Movement အခြေအနေကို တိုင်းတာရာ၌ တန်(၂၀) ကုန်ကား (၄)စီး စုစုပေါင်းတန်(၈၀)ဖြင့် တံတား၏ ကမ်းကပ်ခုံ AB1 နှင့် ရေလည်တိုင် RP1 ၊ ရေလည်တိုင် RP2 နှင့် RP3 အကြားတို့တွင် Load Test စမ်းသပ်ခဲ့ရာ တံတားခံနိုင်ဝန်မှာ သတ်မှတ်ချက်အတွင်း ရောက်ရှိသဖြင့် ယနေ့နံနက် ၈ နာရီတွင် မော်တော်ယာဉ်များကို စတင်ဖြတ်သန်းခွင့်ပြုခဲ့သည်။

ဘုရင့်နောင်တံတား အမှတ်(၁)၏ တံတားသံပေါင်အထိုင်များနှင့် Expansion Joint များ ခံနိုင်ရည်ကျဆင်းမှုတို့ကြောင့် အောက်တိုဘာ ၅ ရက်မှစတင်၍ တံတားကို ခေတ္တပိတ်ပြီး ကမ်းကပ်ခုံ(၂)ခုနှင့် ရေလည်တိုင်(၄)တိုင်ပေါ်ရှိ Bearing များအား အသစ်လဲလှယ်ခြင်း၊ Expansion Joint (၂)ခုအား အသစ်တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တံတား ခေတ္တပိတ်ထားစဉ် မော်တော်ယာဉ်များကို (၄)လမ်းသွား ဘုရင့်နောင်တံတား အမှတ်(၂)ပေါ်မှ ဖြတ်သန်းသွားလာစေခဲ့ပြီး ယခုအခါ ဘုရင့်နောင်တံတား အမှတ်(၁)ကို မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်၍ မော်တော်ယာဉ်များအနေဖြင့် ဘုရင့်နောင်တံတား အမှတ်(၁)နှင့် အမှတ်(၂)အပေါ်မှ ယခင်သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်