နေပြည်တော် ၁၆  သြဂုတ် 


ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျော်လင်းသည် သြဂုတ် ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း JICA ချေးငွေဖြင့် ၂၀၁၇ ခုနှစ်က ကတ္တရာလမ်းခင်းထားသည့် ဒိုက်ဦး - စစ်တောင်းလမ်း၏ မိုးရာသီအတွင်း လမ်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဂျပန်နိုင်ငံ Consultant ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လက်ရှိကတ္တရာ လမ်း၏ ပျက်စီးနေသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်နိုင်ရေး ဆွေးနွေးသည်။ 


ထို့နောက် ဒုတိယဝန်ကြီးနှင့် ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာတို့သည် ကော့ကျိုက် - ကော့ပရံ - ဇာသပြင် - အဖြောင့်လမ်းကို ကြည့်ရှု စစ်ဆေး၍ ဘားအံ - ကော့ကရိတ်လမ်းပေါ်ရှိ Pontoon တံတားတွင် မိုးသည်း ထန်စွာရွာသွန်းပြီး ဂျိုင်းမြစ်ရေလျှံတက်မှုကြောင့် ဂျိုင်းမြစ်ကူး Pontoon တံတား ချဉ်းကပ် လမ်း ရေမြုပ်သွား၍ သြဂုတ် ၉ ရက်တွင် ကုန်တင်ယာဉ်ဖြတ်သန်းမှုများ ရပ်နားထားရာမှ သြဂုတ် ၁၅ ရက် နံနက်ပိုင်းမှစတင်၍ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ ခွင့်ပြုထားမှု ကို ကြည့်ရှုစစ်ဆေးသည်။


ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တံတားအခြေအနေ ကောင်းမွန်သော် လည်း တံတား Pontoon များ၏ အခြေအနေကို (၆)နာရီခြားတစ်ခါ ပုံမှန်စစ်ဆေးသွားရန် မှာကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် မြဝတီမြို့ရှိ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)၌ ထိုင်းနိုင်ငံ Department of Highway မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ချစ်ကြည်ရေးတံတားအမှတ်(၂) ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းသည်။
    

ထို့နောက် ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးမင်းကျော်လွင် တို့သည် ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သမိုင်းဝင် ကျိုက်သလ္လံစေတီတော်နှင့် ကုန်းတော် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက် လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့်  Retaining Wall ၊ Grib Beam နှင့် Ground Beam များဆောင်ရွက်နေမှု၊ Ground Anchor စတင်ဆောင်ရွက်နေမှု၊ ရင်ပြင် တော် မြေသားတည်ငြိမ်မှုရှိရန် Monitoring ဆောင်ရွက်ထားရှိမှု၊ ကုန်းတော်တည်ငြိမ်ရေး ဆောင်ရွက်မှုနေမှုများကို ကြည့်ရှုစစ်ဆေးသည်။


ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရင်ပြင်တော်မှရေများ စနစ်တကျ စီးဆင်းနိုင်ရန်အတွက် မိုးတွင်း၌ Drainage System ကို ဦးစွာပြီးအောင်ဆောင်ရွက်ရန်နှင့် ရင်ပြင်တော်၌ Monitoring  လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။


ကျိုက်သလ္လံစေတီတော်နှင့် ကုန်းတော် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လုပ်ငန်း များ ဆောင်ရွက်မှုအနေဖြင့် ၂၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်