နေပြည်တော် ၆ ဇန်နဝါရီ  

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ဇန်နဝါရီ ၅ ရက်က မြင်းခြံမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်မှ ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနမှတာဝန်ရှိသူများနှင့် မြို့နယ်များအတွင်းရှိ လမ်းတံတားလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းဦးစီးဌာန မြင်းခြံခရိုင်ရုံးတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော မြင်းခြံ-တလုတ်-ဆီမီးခုံ-နံ့သာလှိုင်-ဒုံဒင်းလမ်းနှင့် ငါန်းဇွန်-ငါန်းမြှာလမ်းတို့တွင် ကတ္တရာလမ်းခင်းခြင်းနှင့် လမ်းချောမွေ့စေရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးမှ လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်စေရေးအတွက် ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော ငါန်းဇွန်-မြို့သာလမ်း တစ်လျှောက် လမ်းတံတားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ မိုင်တိုင်(၈/၂)  မီးပျံချောင်းရှိ မန်ကျီးကုန်းရေကျော်နေရာအား (၁၂ )ပေ x (၅)ခန်းတွဲ သံကူကွန်ကရစ် ရေနိမ့် တံတားတည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရာတွင် အသုံးပြုသောပစ္စည်းများ အရည်အသွေး ကိုက်ညီမှုရှိစေရန်နှင့် တံတားအရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ယင်းနောက် BOTစနစ်ဖြင့် ဆောင်ရွက်နေသော မြင်းခြံ-မြို့သာ-တံတားဦးလမ်း(မြို့သာ-တံတားဦး) အပိုင်းအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

 

 (သတင်းစဉ်)