နေပြည်တော် ၂၂ ဇူလိုင်
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ဇူလိုင်- ၂၀ ရက်က သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်း (သက္ကယ်ကျင်း - ဖောင်းပြင်အပိုင်း) မိုင်တိုင် (၂၇/၂) ကြား မုဆိုးလမ်းကူးနေရာတွင် လမ်းသားပြိုကျနေ၍ စက်ယန္တရားများဖြင့် လမ်းတာဖို့ခြင်း လုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂန့်ဂေါ - ကလေးလမ်း မိုင်တိုင် (၇၂/ဝ - ၇၂/၁) ကြားတွင် လမ်းပေါ်ရေကျော်သဖြင့် လမ်းတာဘောင်မြှင့်၍ (၁၈) ပေအကျယ်ကတ္တရာခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားတာဘောင်မြှင့်တင်ရာတွင် မြေသားသိပ်သည်းမှု ရရှိအောင် စနစ်တကျဆောင်ရွက်ပြီး ကတ္တရာလမ်းခင်းခြင်းကို ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တံတားအထူးအဖွဲ့ (၅) မှတည်ဆောက်သော ကမ္ဘားနီ (၅၉၅) ပေအရှည် သံကူကွန်ကရစ်တံတားအသစ်တည်ဆောက်နေသော လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးသည်။ ကမ္ဘားနီတံတားသည် (၅၉၅) ပေအရှည် (၂) လမ်းသွား တံတား ဖြစ်ပြီး အောက်ထည် Bored Pile အုတ်မြစ်နှင့်အပေါ်ထည်သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါလမ်းမိုင်တိုင် (၆၆/၄) ရှိမှန်တောရွာမှ ဟားခါးသို့လမ်းအသစ်ဖောက်လုပ်မည့် Alignment အသစ်နေရာအား ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၂၁ ရက်တွင် ဂန့်ဂေါ - ထီးလင်း - ကျောက်ထု -ဆောလမ်းတစ်လျှောက်နှင့် ကျောက်ထုမြို့အဝင်ရှိဂုံးဘို ရှိပေ (၆၉၀) အရှည် ဘေလီတံတား ၏ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ဒုတိယဝန်ကြီးကတံတား၏ Bailey Parts များဖြစ်သော Bolts & Nuts များနှင့်အခြားအစိတ် အပိုင်းများတွင်ပြည့်စုံကောင်းမွန်မှုရှိ/ မရှိပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်သီးကုန်း - လောင်းရှည် - စေတုတ္တရာလမ်းနှင့် ပဒါန်း - ငဖဲ - စေတုတ္တရာလမ်းတစ်လျှောက်နှင့်ပုသိမ် - မုံရွာလမ်း (မကွေးတိုင်းအပိုင်း) မင်းတုန်းမြို့နယ် မိုင်တိုင်(၂၀၅/၂ - ၂၀၅/၆)ကြားယာဉ်အန္တရာယ်အဖြစ်များသော မွှေးကြိုင်ကွေ့အားကြည့်ရှု စစ်ဆေး ခဲ့ပြီး အဆိုပါလမ်းအကွေ့နေရာ၌ လတ်တလောသိသာမြင်သာအောင် အန္တရာယ် သတိပေးဆိုင်းဘုတ်များစိုက်ထူ Guard Rail များဆောင်ရွက်ပေးရန်နှင့် လမ်းပုံထုတ်ဌာနနှင့် ညှိနှိုင်း၍ Super Elevation မှန်အောင်ဆောင်ရွက်သွားရန်မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သရက် - မင်းတုန်းလမ်း မိုင်တိုင်(၂၂/ဝ) အနီးတွင် Slope Protection ကို နည်းပညာအသစ်ဖြင့်ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုမိုးရာသီတွင် မြေသားတည်ငြိမ်မှုအခြေအနေကို စောင့်ကြည့်မှတ်တမ်း တင်ထားရန်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


