နေပြည်တော် နိုဝင်ဘာ ၈
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ နိုင်ငံခြားရေးရာသိပ္ပံ (CPIFA) မှ စီစဉ်ကျင်းပသည့် ပထမအကြိမ် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ထင်ပေါ်ကျော်ကြားသူများဆွေးနွေးပွဲသို့ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အဆိုပါဆွေးနွေးပွဲကို “ငြိမ်းချမ်းသာယာဝပြောသော ခေတ်သစ်အတွက် ဖွံ့ဖြိုးတိုးတက်မှု အလေးပေး ရေးနှင့် အတွေးအမြင်ဖလှယ်မှုမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ နိုင်ငံရေး၊ သံတမန်ရေး၊ စီပွားရေးနှင့် ပညာရေးစသည့် ကဏ္ဍပေါင်းစုံ၏ ထင်ပေါ်ကျော်ကြားသူများ ပါဝင်တက် ရောက်သည်။
ဒုတိယဝန်ကြီးသည် အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Wu Jianghao၊ တရုတ်ပြည်သူ့ နိုင်ငံခြားရေးရာသိပ္ပံ ဂုဏ်ထူးဆောင်နာယက၊ သံအမတ်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း Li Zhaoxing တို့နှင့်အတူ အဖွင့်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီးက မဲခေါင်-လန်ချန်းဒေသရှိ ပြည်သူများအတွက် သိသာ ထင်ရှားသည့် အကျိုးရလဒ်များရရှိအောင် ဆောင်ရွက်ရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများနှင့် လက်ရှိကြုံတွေ့နေရသည့် ဒေသတွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများကို စုပေါင်း အင်အားဖြင့် ရင်ဆိုင်ဖြေရှင်းသွားရေး ထောက်ပြပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌ အဖြစ် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင် ပုဂံမြို့၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၇)ကြိမ် မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ အောင်မြင်မှုရလဒ်များကို ဆွေးနွေးပြောကြားခဲ့ပြီး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် ထူထောင်ထားရှိသည့် အထူးရန်ပုံငွေအပါအဝင် အခြားသော ရန်ပုံငွေများသို့ တရုတ်နိုင်ငံက ရန်ပုံငွေထည့်ဝင်ထောက်ပံ့ ပေးနေမှုအပေါ် ကျေးဇူးတင် ကြောင်းလည်းပြောကြားသည်။ ယခုဆွေးနွေးပွဲတွင်ရရှိမည့် မဲခေါင်-လန်ချန်းနိုင်ငံများမှ ထင်ပေါ်ကျော်ကြားသူများ၏ အတွေးအမြင်များ၊ ဆွေးနွေးချက်များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်မှ မဲခေါင်-လန်ချန်းဒေသ ငြိမ်းချမ်းရေး၊ သာယာဝ ပြောရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်နေမှု အတွက် အသိဉာဏ်ပညာဆိုင်ရာ အထောက်အကူများဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်း ပြောကြားသည်။
ဆွေးနွေးပွဲအတွင်း ထင်ပေါ်ကျော်ကြားသူများ၏ ဆွေးနွေးမှုများအရ ဒေသတွင်း အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရေးနှင့် ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် စုပေါင်း အင်အားဖြင့် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများ ဖော်ထုတ်သတ်မှတ်ခဲ့ရာတွင် ဒေသတွင်း စီးပွားရေးနလန်ထူရေးအတွက် ပံ့ပိုးဆောင်ရွက်ရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ မြန်ဆန်စွာ စီးဆင်းနိုင်ရေးအတွက် ဒေသတွင်းဆက်သွယ်မှု လမ်းကြောင်းများ ချောမွေ့ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ကုန်သွယ်မှုတွင် နှောင့်နှေး ကြန့်ကြာမှုများ လျှော့ချရေးအတွက် အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်း စွမ်းအင်ရောင်းဝယ်မှုအတွက် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု စွမ်းရည်တိုးမြှင့်ရေး ကိစ္စများလည်း ပါဝင်သည်။
ဆွေးနွေးပွဲ၏ သက်ဆိုင်ရာဘာသာရပ်ခေါင်းစဉ်အလိုက် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ မဟာ ဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(အငြိမ်းစား) ဦးသန့်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်း တို့က ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)