နေပြည်တော် ၈ ဒီဇင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက စက်ရုံလုပ်ငန်း ဆောင်ရွက်မှုအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်ဓာတ်အားထုတ်ပေးနိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများအား ဂရုပြုဆောင်ရွက်သွားရန် ၃၅၀ မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် စီမံကိန်းလုပ်ငန်းများအား ဆောလျင်စွာပြီးစီး၍ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်မှာကြားပြီး ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်များ တည်ဆောက်ပြီးစီးပါက လက်ရှိဓာတ်အားခွဲရုံသို့ ဓာတ်အားချိတ်ဆက်မည့် နေရာတွင် ဓာတ်အားခွဲရုံတိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်၊ သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် (၄၀ဝ)မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် JICA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် 66 kV GIS ဓာတ်အားခွဲရုံတည်ဆောက်နေမှုနှင့် ဓာတ်အားပေး စက်(၃)လုံးအကြီးစား ပြုပြင်ဆောင်ရွက် နေမှုတို့အား Merubeni Corporationနှင့် Mitsubishi Corporation တို့မှ နိုင်ငံခြားသားပညာရှင်များနှင့် (၄၀ဝ) မဂ္ဂါဝပ်(LNG to Power) ဓာတ်အားပေးစက်ရုံအသစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးက ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးရေး၊ စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးစံ ချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဓာတ်အားပေးစက်(၃)လုံးအနက် ဓာတ်အားပေးစက် (၁)လုံးအားလာမည့် နွေရာသီကာလအမီ ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်တို့အား မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် (၁၅၁)မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်နေမှု၊ လက်ရှိမောင်းနှင် လည်ပတ်နေသည့် ဓာတ်အားပေးစက်အခြေအနေများနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့အား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ်များသို့ သွားရောက်စဉ် ဒုတိယဝန်ကြီးက လာမည့်နွေရာသီကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေးအတွက် ရည်ရွယ်၍ မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေး စက်ရုံ စီမံကိန်းအသစ်(၇)မှ (၁၁၆၆) မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိဓာတ်အားပေးစက်ရုံများမှ စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စီမံကိန်းများပြီးစီးရန် လျာထားသတ်မှတ်ချက်များနှင့်အညီ ကြိုးစားလုပ်ဆောင်သွားရန်တို့အား မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


