သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းသည် ကိုရီးယားသမ္မတနိုင်ငံ Korea Cultural Heritage Foundation (KCHF) မှ ဒုတိယအကြီးအကဲ Mr. Kim Hyun-mo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ကိုရီးယားသမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ တရားဝင် အကူအညီပေးသည့် စီမံကိန်း (ODA Project) တစ်ခုဖြစ်သော ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ၊ ဘုရားသုံးဆူရှိ နံရံဆေးရေးပန်းချီများ ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Korea Cultural Heritage Foundation (KCHF)တို့ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
(သတင်းစဉ်)