နေပြည်တော် ၁၇ မတ် 

 

အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ (NPSC) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်က လုပ်ငန်းပိုင်းဆိုင်ရာများကို ပြောကြားပြီး  စီမံကိန်းဒါရိုက်တာ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ရေသွင်းစိုက်ပျိုးမှုဧရိယာ အပါအဝင် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Irrigated Agriculture Inclusive Development Project – IAIDP) တိုးတက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ငွေတိုက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့မှ ကော်မတီဝင်များက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(AFD)၊ ဥရောပသမဂ္ဂအဖွဲ့အစည်း(EU)တို့နှင့် ပူးပေါင်း၍ အမျိုးသားအဆင့် စီမံကိန်းကို  မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဒေသများ မကွေး၊ ရမည်းသင်း၊ မိတ္ထီလာနှင့် ရွှေဘို ခရိုင်(၄)ခုတို့ရှိ ရေသွင်းစိုက်ပျိုးနိုင်သည့်ဧရိယာ ဧက ၉၀၀၀၀ တွင် ခရိုင်အလိုက် တန်ဖိုးကွင်းဆက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ခြင်းနှင့် ခေတ်မီရေ သွင်းစနစ် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို စီမံကိန်းကာလ (၇)နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ရေသွင်းစိုက်ပျိုးမှုဧရိယာ အပါအဝင် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Irrigated Agriculture Inclusive Development Project – IAIDP)ကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ချောင်းမကြီးဆည်ရေသောက်စနစ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ နတ်မောက်ဆည် ရေသောက်စနစ်များ၌ စတင်ဆောင်ရွက်မည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်ဆုံ၊ သင်ပုန်း၊ မိတ္ထီလာကန်နှင့် ချောင်းကောက် စသည့် ဆည်ရေသောက်စနစ်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရန်ပယ်၊ ကင်မွန်းတောင်၊ စွန်ချောင်းနှင့် ဆဒ္ဒန်ဆည်ရေသောက်စနစ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျီးပင်အက်ဆည်ရေ သောက်စနစ် အပါအဝင် စုစုပေါင်းဆည်ရေသောက်စနစ် (၁၁)ခုကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုပါ စီမံကိန်းအရ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုးနှင့် ဥယျာဉ်ခြံ ထွက်သီးနှံများကို ဆန် စပါး မဟုတ်သော တန်ဖိုးကွင်းဆက် ထုတ်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန် ရည်မှန်းချက်ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယုံကြည်စိတ်ချရသော စိုက်ပျိုးရေပေးဝေမှု တိုးတက်လာစေရန်နှင့် ဆည်ရေရရှိမှုဧရိယာများ တိုးတက်လာစေရန်၊ ရေသယံဇာတ အရင်းအမြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရယူသုံးစွဲမှုစီမံခန့်ခွဲခြင်း အရည်အချင်းမြှင့်တင်ရန်တို့ကို ဦးတည် အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်