နေပြည်တော် ၆   ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ် မိုးရာသီအတွင်း မြန်မာနိုင်ငံတဝန်းလုံး၌ မိုးရွာသွန်းမှုလျော့နည်းခဲ့သဖြင့် ဆည်ရေလှောင်တမံများ ရေအဝင်ကျဆင်းခဲ့ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးမှုအတွက် စိုက်ပျိုးရေလိုအပ်ချက်များ ဖြစ်ပေါ်လာမှုအပေါ်   ဖြေရှင်းနိုင်ရေးအတွက် ဆည်ရေသောက်ဒေသများ၏ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မေွးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်က ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာများတွင် စိုက်ပျိုးရေးကဏ္ဍအပေါ် သိသိသာသာ သက်ရောက်မှုများ ကြုံတွေ့ရပါကြောင်း၊ မိုးလေဝသအခြေအနေအရ  ဆည်များနှင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုနည်းပါးခြင်းနှင့် ရေသိုလှောင်နိုင်မှုပမာဏ လျော့ကျလာခြင်းတို့ကြောင့် နွေစပါး အပါအဝင် အခြားဆောင်းသီးနှံနှင့် နွေသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှု လျော့နည်းသက်သာစေရန် အဓိကလိုအပ်သည့် စိုက်ပျိုးရေအတွက် ဖြည့်စွက်ရေအသုံးပြုနိုင်ရေး၊ စိုက်ပျိုးမည့် သီးနှံမျိုးပြောင်းလဲရေး၊ သီးနှံပုံစံပြောင်းလဲရေးနှင့်  နည်းပညာ အပါအဝင် တောင်သူများ၏ အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်သည့်အစီအမံများ ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသအလိုက် စိုက်ပျိုးရေးညှိနှိုင်းမှု ကော်မတီများဖွဲ့စည်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန် တိုးမြှင့်ရေး ပေါင်းစပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  ဆည်ရေသောက် ဧရိယာဖြစ်သော်လည်း စိုက်ပျိုးရေရရှိနိုင်မှု အခြေအနေအရ သီးနှံပြောင်းလဲစိုက်ပျိုးခြင်းကို လိုအပ်သည့်အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ တာဝန်ခံများက ဆည်ရေသောက် ဧရိယာများအတွင်း ရေအလေအလွင့်မရှိရေး၊ ရေအရင်းအမြစ်များ ဖော်ထုတ်အသုံးပြုနိုင်ရေး၊ သီးနှံပုံစံနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရေးအတွက် ကြိုတင်ဆောင်ရွက်ပေးနိုင်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

မိုးရာသီအတွင်း ဆည်ရေဝင်ရောက်မှုလျော့နည်းခဲ့သဖြင့်  နွေသီးနှံစိုက်ပျိုးထုတ်လုပ်မှု အများဆုံးထိခိုက်နိုင်သည့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးများတွင် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှု နစ်နာမှုမရှိစေရေးအတွက် သင့်တော်သည့် စျေးကွက်ဝင် သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေး၊ မေွးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းလျက်ရှိသည့်အပြင် သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး ဆည်ရေပေးဝေနိုင်မှုများကို ကြိုတင်အသိပေး ကြေညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ  တောင်သူများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေး၊ မေွးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဦးစီးဌာနရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်‌ကြာင်း သိရသည်။

 

(သတင်းစဉ်)