နေပြည်တော် ၈ မတ် 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့သည် မတ် ၆ ရက် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း မိုးကာလမရောက်မီ သဘာဝဘေးကာကွယ်ရေးအတွက် တာတမံများ ကြံ့ခိုင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ ဆည်တာတမံနှင့် ကျွန်းပတ်တာများ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း၊ ရေပေးဝေရေးလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်းနှင့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လျာထားမှုများကို ဆွေးနွေးကြသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ပုသိမ်မြို့ရှိ မရမ်းချောင်း၌ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) ODA Loan ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို တင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးလှကျော်သည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုရန်ပုံငွေဖြင့် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာရှိ မြေဂဝံအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုနှင့် ကျောင်းကုန်းမြို့နယ် ကံကလေးအုပ်စု မျိုးစေ့ချကိရိယာဖြင့် ၁၀ ဧက စံပြကွက် စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ 

သတင်းစဉ်