နေပြည်တော် ၁၆ ဩဂုတ်
စိုက်ပျိုးရေ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ သမ္ဘာန်နည်းပညာပြန့်ပွားရေးစခန်းသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ ထုတ် တောင်သူများနှင့်တွေ့ဆုံကာ ထောက်ပံ့ငွေများပေးအပ်သည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု၊ CERP Plan အရ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ထားရှိမှု၊ IFAD နှင့် ပူးပေါင်းကာ စိုက်ပျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်ထားသော ရေပေးမြောင်းပြင်ဆင်ဆောင်ရွက်ထားမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးလှကျော်၊ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တို့က မျိုးစေ့ထုပ် တစ်ဧကလျှင် ငွေကျပ် ၈၃၅၀၀ နှုန်းဖြင့် မျိုးစေ့ထုတ်ဧက (၂၁၄)ဧကအတွက် ငွေကျပ် ၁၇,၈၆၉,၀၀၀ ကို ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ် အကျိုးဆောင်တောင်သူ ကိုယ်စားလှယ်များ ထံ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် YSI အဖွဲ့များ၏ မျိုးစေ့ထုတ်နည်း ပညာပေး စံပြစိုက်ခင်း (၅)ဧက၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် စိုက်ပျိုး ထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုး တိုးတက် ရေးစီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် ရေပေးမြောင်းမှ စိုက်ပျိုးရေပေးဝေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ဧက ၄၃၁၃၆၅ ဧကစိုက်ပျိုးရန် လျာထားပြီး ၂၀၇၃၁၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း မြို့နယ် (၇)မြို့နယ်၊ ကျေးရွာ (၇)ရွာရှိ တစ်မြို့နယ် တစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြ ကျေးရွာများတွင် လယ်မြေဧရိယာ ၂၈၃၉ ဧက ကို လည်းကောင်း၊ ကိုဗစ်-၁၉ စီးပွားရေးကုစား မှုအစီအစဉ်(CERP)အရ မျိုးစေ့ထုတ်ဧက (၇၆၀)ကိုလည်းကောင်း၊ CERP Plan အရ ကျေးရွာ ၁၉ ရွာတွင် Contract Farming ဧက ၃၀၀၀ ကိုလည်းကောင်း လျာထား စိုက်ပျိုးဆောင်ရွက် လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့နယ် တို့တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပြီး စီမံကိန်းကာလ (၂၀၁၉-၂၀၂၀) ခုနှစ်အတွင်း စီမံကိန်းဧရိယာများတွင် စိုက်ပျိုး ပညာပေးရေးစခန်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာအုပ်စု ထီလုံ ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က လူထုဗဟိုပြုစီမံကိန်း (CDD) (တတိယနှစ်စက်ဝန်း)ဖြင့် ဆောင်ရွက်ထားသည့် ကျေးလက်မီးလင်းရေးကိုလည်းကောင်း၊ အထက်ရေပူကျေးရွာအုပ်စု ထီလင်းဝင်းသာကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ကျောက်ရောမြေသား လမ်းခင်းခြင်း လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ/ကျေးရွာသားများနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနှင့် ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ကျေးရွာ (၅၀)တွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီများ ဖွဲ့စည်းခြင်း၊ ကျေးရွာစာရင်းရှင်ဖွင့်လှစ်ခြင်း၊ မြို့နယ်မှ ကျေးရွာသို့ ရန်ပုံငွေ လွှဲပြောင်းခြင်း၊ ချေးငွေအဆိုပြုလွှာခေါ်ယူခြင်း၊ ချေးငွေအဆိုပြုလွှာစိစစ်ခြင်း၊ ချေးငွေထုတ် ချေးခြင်းများအား ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်သည်။ Cash For Work စီမံကိန်းဖြင့် မြို့နယ်(၇)မြို့နယ်ရှိ ကျေးရွာ (၁၁၀)ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၁၃၀ လျာထားဆောင်ရွက်လျက်ရှိပြီး ပြည်နယ် တစ်ခုလုံးအနေနှင့် ၃၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ လျာထားချက်ပြည့်မီအောင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
