နေပြည်တော် ၂၅ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးလှကျော်သည် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် ယမန်နေ့ ညနေ ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးသက်နိုင်ဉီးက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဉီးစီးမှူးများက ဒေသအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကြုံတွေ့ရသော အခက်အခဲများနှင့် လုပ်ငန်း လိုအပ် ချက်များကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဒေသအသီးသီး၏ လယ်ယာမြေဆိုင်ရာ စာရင်းဇယားများကို တာဝန်ယူဆောင်ရွက်နေကြသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဉီးစီးဌာန တာဝန်ရှိသူများအနေဖြင့် သတ်မှတ် ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များ၊ လုပ်ငန်း စဉ်အဆင့်ဆင့်၏ ဆောင်ရွက်ရမှု လုပ်ထုံးလုပ်နည်းများကို မိမိတို့နှင့် ထိတွေ့ဆက်ဆံရသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်၊ တောင်သူများ သိရှိနားလည်ရေးအတွက် ဆွေးနွေး အသိပညာပေးခြင်းကို ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းများကို သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ချက်အရ နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်ပါကလည်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် ပွင့်လင်းမြင်သာစွာ တုံ့ပြန်ဖြေရှင်းထားခြင်းဖြင့် တစ်ဦးချင်းနှင့် ဌာနပုံရိပ်ကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် မြေနုကျွန်းအသစ်များအပေါ် စီမံခန့်ခွဲသွားနိုင်ရန်အတွက် ကြိုတင်စီမံမှုများ မျှော်မှန်းဆောင်ရွက် ထားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)


