နေပြည်တော် ၁၇ ဒီဇင်ဘာ

 

မဲခေါင် - လန်ချန်း ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် တိရစ္ဆာန်မွေးမြူရေး Animal Husbandry သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် လူသားအရင်းအမြစ်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိရာ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များ ပြုစုပျိုးထောင်မှု၌  အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးသည် သင်ကြားပေးမည့် ဆရာ/ဆရာမများ၏ သင်ကြားပေးနိုင်မှု စွမ်းရည်အပေါ်တွင် များစွာမူတည်လျက်ရှိသည့်အပြင် ယခုဖွင့်လှစ်မည့် တိရစ္ဆာန်မွေးမြူရေး Animal Husbandry သင်တန်းသည် အရေးပါသော အစီအစဉ်တစ်ရပ် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူးက မဲခေါင် - လန်ချန်း ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်းများနှင့် တိရစ္ဆာန်မွေးမြူရေး သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် မဲခေါင်ဒေသတွင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြစ်သည့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် အထူးရန်ပုံငွေအဖွဲ့မှ ဒုတိယအသုတ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် စီမံကိန်း(၁၁)ခုအနက် ယခုသင်တန်းသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်