နေပြည်တော် နိုဝင်ဘာ ၂၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလူမွန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျဲ့ကျင်းပြည်နယ်၊ ဝူကျန်းမြို့၌ နိုဝင်ဘာ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် “၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အင်တာနက်ညီလာခံ၊ ဆက်စပ်အစည်းအဝေး” နှင့် China-ASEAN Information Harbor Forum သို့ တက်ရောက်ခဲ့သည်။
အဆိုပါ ညီလာခံကို ၂၀၁၄ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး " Embracing a People-Centered and AI-for-Good Digital Future - Building a Community with a Shared Future in Cyberspace” ဆိုသည့် ဦးတည်ချက်ဖြင့် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပြီး နိုင်ငံတကာမှ ဒီဂျစ်တယ်နည်း ပညာနယ်ပယ်တွင် အောင်မြင်ကျော်ကြားသည့် ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြသည်။
နိုဝင်ဘာ၂၀ ရက်တွင် ကမ္ဘာ့အင်တာနက်ညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဖွင့်ပွဲသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်သမ္မတ မစ္စတာ Xi Jinping က ဗီဒီယို Message ပေးပို့ အမှာစကားပြောကြားပြီး တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံရေးဗျူရိုဗဟိုကော်မတီ အဖွဲ့ဝင်၊ မစ္စတာ Ding Xuexiang ၊ ဟွန်ဒူရက်စ် နိုင်ငံ ဒုတိယသမ္မတမစ္စတာ Renato Florentino Pineda ၊ ဇမ်ဘီယာနိုင်ငံ ဒုတိယသမ္မတ မစ္စတာ Mutale Nalumango ၊ ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် မစ္စတာ Le Thanh Long ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့မိုဘိုင်းအဖွဲ့အစည်းနှင့် ကမ္ဘာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အဖွဲ့အစည်းတို့မှ တာဝန်ရှိသူများက အဖွင့်စကားများ ပြောကြားခဲ့သည်။
ညပိုင်းတွင် အခမ်းအနားသို့တက်ရောက်လာကြသည့် နိုင်ငံတကာမှဝန်ကြီးများ စားပွဲဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဒုတိယဝန်ကြီး ဦးလူမွန်တက်ရောက်ခဲ့သည်။
နိုဝင်ဘာ၂၁ ရက်နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် “China-ASEAN Information Harbor Forum” သို့ တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက ဆွေးနွေးပွဲတွင် “Co-Building the Digital Silk Road, Sharing a Digital Future” ခေါင်းစဉ်ဖြင့် တရုတ်-အာဆီယံ ကုန်စည် ကူးသန်းရောင်းဝယ်မှုတို့ကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရေး ဒေသတွင်း နည်းပညာကွာဟမှုလျော့ချရေး အပါအဝင် အဆင်သင့်ဖြစ်မှု၊ အားသာချက်နှင့် စိန်ခေါ်မှု တို့ကို ပွင့်ပွင်းလင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့အင်တာနက်ညီလာခံတွင် ပူးတွဲကျင်းပပြသသည့် The Light Internet Expo ပြခန်းများကို လေ့လာခဲ့ပြီး၊ ကမ္ဘာ့လူငယ် ခေါင်းဆောင်ဆုပေးပွဲ၊ ကမ္ဘာ့ အင်တာနက် ကွန်ဖရန့် ဒီဂျစ်တယ်အကယ်ဒမီ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဖွင့်ပွဲများနှင့် အခြားဆက်စပ် ဆွေးနွေးပွဲဖြစ်သည့် “Construction of Trustworthy of Artificial Intelligence” ကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


