နေပြည်တော်၊ ၉ ဒီဇင်ဘာ

 

(၃၃)ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် (33rd Chairs’ Meeting of the ASEAN Capital Markets Forum) ဥက္ကဋ္ဌများအစည်းအဝေးကို ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဉက္ကဋ္ဌ Mr. Tran Van Dzung က သဘာပတိအဖြစ်ဆောင်ရွက်၍ အာဆီယံဒေသတွင်းနိုင်ငံများရှိ အရင်းအနှီးဈေးကွက် ကြီးကြပ်ရေးကော်မရှင်များမှ အကြီးအကဲများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ တက်ရောက်သည်။

 

အစည်းအဝေးတွင် အာဆီယံဒေသတွင်း ရေရှည်တည်တံ့ခိုင်မာသော ဘဏ္ဍာရန်ပုံငွေရရှိရေးအတွက် အာဆီယံအရင်းအနှီးဈေးကွက် လမ်းပြမြေပုံ၏ ကာလတို/ကာလလတ် ဦးစားပေး အစီအစဉ်များ၊ အာဆီယံအရင်းအနှီးဈေးကွက်ဆိုင်ရာ စံသတ်မှတ်ချက်များ၊ ကာလရှည်ငွေချေးစာချုပ် (Sustainability-Linked Bond) များ ထုတ်ဝေနိုင်ရေး၊ အာဆီယံ ကော်ပိုရေးရှင်းများ၏ စဉ်ဆက်မပြတ် ဖွင့်ဟထုတ်ဖော်မှုဆိုင်ရာ စံသတ်မှတ်ချက်လုပ်ငန်းစဉ်များ၊ (၆)ကြိမ်မြောက် အာဆီယံကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ အကဲဖြတ်မှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်းနှင့် ဆုချီးမြှင့်ခြင်းအတွက် ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အာဆီယံ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာအကူအညီပေးမှုများ၊ အာဆီယံအရင်းအနှီး ဈေးကွက်ဖိုရမ်ဝက်ဘ်ဆိုက်အား ထိန်းသိမ်းထားရှိမည့်အစီအစဉ်များ၊ အာဆီယံအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့ (WC-CMD) နှင့် အာဆီယံ အရင်းအနှီးဈေးကွက်ဖိုရမ် (ACMF) တို့ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ဆုံးအခြေအနေများအပေါ် စုပေါင်းဆွေးနွေးကြရာ မြန်မာနိုင်ငံမှ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ပါဝင်ဆွေးနွေးသည်။

 

အစည်းအဝေးမှ ACMF ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ACMF Action Plan (2021-2025) တွင်ဖော်ပြထားသည့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များ ဖြစ်ကြသည့် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးမှုဆိုင်ရာ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ဆောင်ရွက်ရေး၊ အာဆီယံဒေသတွင်း နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆက်လက်ဆောင်ရွက်ရေး၊ အရင်းအနှီးဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသူများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးမြှင့်ရေး၊ ဒေသတွင်း အရင်းအနှီးဈေးကွက်များ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရေး၊ ဒေသတွင်း အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းနယ်ပယ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကို သဘောတူခဲ့ကြသည်။

 

အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်သည် အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက် Regulators များ၏ အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုဖြစ်သည်။

 

(၃၄)ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ဥက္ကဋ္ဌများအစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဘရူနိုင်းနိုင်ငံက တာဝန်ယူကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်