နေပြည်တော် ၂၈ နိုဝင်ဘာ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အမျိုးသားအဆင့် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုဖိုရမ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
ဖိုရမ်တွင် အစိုးရအနေဖြင့် ရငွေများ၊ အသုံးစရိတ်များအား မည်သို့စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိကြောင်းကို ပြည်သူလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများသို့ ပွင့်လင်းမြင်သာစွာ အသိပေးထုတ်ပြန်သည့် ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များ တိုးမြှင့်ထုတ်ပြန်နိုင်မည့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်သူလူထုသို့ ဘတ်ဂျက်ဆိုင်ရာ သတင်း အချက်အလက်များ မျှဝေပေးခြင်း၊ ဘတ်ဂျက်ဆိုင်ရာ အသိပညာတိုးပွားလာစေရန် ဆောင်ရွက်ပေးခြင်းနှင့် အများပြည်သူ လွယ်ကူရှင်းလင်းစွာ သိမြင်နိုင်သည့်ပုံစံဖြင့် ပြုစုတင်ပြခြင်း တို့ဖြင့် ပြည်သူလူထုနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ (CSO)၊ ဘတ်ဂျက်လုပ်ငန်းစဉ်နှင့် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ဘတ်ဂျက်ပွင့်လင်းမြင်သာမှုကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိသည်။
ဘတ်ဂျက်ပွင့်လင်းမြင်သာမှုရှိသော နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ထုတ်ဝေလျက်ရှိသည့် ဘတ်ဂျက်ဆိုင်ရာ စာစောင် (၈) မျိုးအနက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဘတ်ဂျက်မရေးဆွဲမီဖော်ပြချက်နှင့် စာရင်းစစ် အစီရင်ခံစာမှလွဲ၍ ကျန်ဘတ်ဂျက် စာစောင် (၆) မျိုးကို ဝန်ကြီးဌာန Website နှင့် စာစောင်များအဖြစ် ထုတ်ဝေ၍ ပြည်သူလူထုထံသို့ ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်ပြန်နိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖိုရမ်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
(သတင်းစဉ်)