နေပြည်တော် မတ် ၂၂
မြန်မာ-ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) စတင်အသုံးပြုခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၂)မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား၌ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံ အကောက်ခွန် ဦးစီးဌာန၊ မယ်ဆိုင်မြို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက MACCS စနစ်ကို ကျင့်သုံးဆောင်ရွက်နိုင်ရန် ၂၀၁၃ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်ဧရိယာ၌ စတင်အသုံး ပြုနိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ ကုန်သွယ်မှုပမာဏများပြားသည့် နယ်စပ်ဒေသများသို့ တိုးချဲ့အသုံးပြုနိုင်ရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် မြဝတီမြို့၊ ၂၀၂၂ ခုနှစ်တွင် မူဆယ် မြို့နှင့် ချင်းရွှေဟော်မြို့များတွင် တိုးချဲ့ အသုံးပြုနိုင်ခဲ့ပါကြောင်း၊ ယနေ့မှစ၍ တာချီလိတ်မြို့တွင် MACCS စနစ်ကို စတင်အသုံးပြုနိုင်ပြီဖြစ် သည့်အတွက် ကုန်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာများကို အသုံးချပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ပိုမိုကောင်းမွန်သော ကုန်သွယ်မှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့် အစဉ်တစိုက်တွန်းအား ပေးဆောင်ရွက်လျက်ရှိပါကြောင်း။
ကုန်စည်ရှင်းလင်းရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ယခုကဲ့သို့ အလိုအလျောက် ဆောင်ရွက်နိုင်သော စနစ်များဖြင့် ဆောင်ရွက်နိုင်သည့်အတွက် ကုန်သွယ်မှု ကိန်းဂဏန်း အချက်အလက်များကို တိကျမှန်ကန်စွာ ရရှိနိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင် မည်ဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် အကောက်ခွန်ဝန်ထမ်းများအတွက် လုပ်ငန်းများကို ပိုမိုလျင်မြန်ပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခု တာချီလိတ်နယ်စပ်ဒေသ၏ ကုန်သွယ်မှုပမာဏမှာ တိုးတက်များပြားလာသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံမှပို့ကုန်များ ထိုင်းနိုင်ငံသို့တင်ပို့ရာတွင်လည်းကောင်း၊ ထိုင်းနိုင်ငံမှသွင်းကုန်များ မြန်မာနိုင်ငံသို့ တင်သွင်းရာတွင် လည်းကောင်း MACCS စနစ်ကို အသုံးပြုနိုင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ လျင်မြန် သွက်လက်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က နှုတ်ခွန်းဆက် စကား ပြောကြားပြီး အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုထက်က MACCS စနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် “တာချီလိတ်နယ်စပ်ဒေသ၌ MACCS စနစ် စတင် အသုံးပြုခြင်း” အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး MACCS စနစ်ဖြင့် ပို့ကုန်သွင်းကုန်စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ တာချီလိတ်ခရိုင်/မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများကိုတွေ့ဆုံ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍကို ရှင်းလင်းဆွေးနွေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားနှင့် မြန်မာ့ စီးပွားရေးဘဏ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြမှုကို လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်