နေပြည်တော် ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်း၏ နှစ်ပတ်လည်အသင်းဝင် များညီလာခံကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ Hybrid ပုံစံဖြင့် ကျင်းပရာ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေး လုပ်ငန်းများအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုနာယကအဖွဲ့ဝင်များ၊ အဖွဲ့ဝင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အဖွဲ့ဝင်မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖြစ်ပေါ် တိုးတက်မှုများကိုကြည့်ပါက ၂၀၁၁-၂၀၁၂ ခုနှစ်တွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၁၄၂)ဖွဲ့ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၁၇၈) ဖွဲ့အထိ တိုးတက်လာခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရှိ ရပ်ကွက် (၂၂၄၅)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၂၆၉၈၅) ရွာရှိ အသင်းဝင်ဦးရေ (၃ ဒသမ ၅)သန်းကျော်ကို ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကဏ္ဍအ လိုက်ငွေကြေးဝန်ဆောင်မှုအနေဖြင့် ထုတ်လုပ်မှုကဏ္ဍတွင် ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍ တွင် ၁၄ ရာခိုင်နှုန်း၊ ကုန်သွယ်မှုကဏ္ဍတွင် ၃၈ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၃၅ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ၆ ရာခိုင်နှုန်းနှင့် ပညာရေးကဏ္ဍတွင် ၁ ရာခိုင်နှုန်း ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိကြောင်း။
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့် အညီ နိုင်ငံတစ်ဝန်းရှိ ဝင်ငွေနည်းပြည်သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေပြု MSME လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေးဝန်ဆောင်မှုများ ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ယခုကျင်းပသည့် မြန်မာနိုင်ငံအသေးစားငွေရေး ကြေးရေးအသင်းညီလာခံတွင် လက်ရှိကြုံတွေ့ရသည့် အခက်အခဲများကို စုပေါင်းဆွေးနွေးအဖြေ ရှာခြင်း၊ အသိပညာ ဗဟုသုတနှင့် အတွေ့အကြုံများဖလှယ်ခြင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့တိုးတက်ရေးနှင့် ဝင်ငွေနည်းပြည်သူများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေးဘဝ ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဖော်ထုတ်ရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေး လုပ်ငန်းများအသင်းညီလာခံကို အစီ အစဉ်များအတိုင်း ဆက်လက်ကျင်းပရာ အမှုဆောင်အဖွဲ့ဝင်ဟောင်းများ နုတ်ထွက်ခြင်းနှင့် အသစ်ရွေးချယ်ခြင်း၊ လုပ်ငန်းကဏ္ဍအလိုက်သုံးသပ်ချက် စာတမ်းများဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး အခမ်းအနားကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်