ရန်ကုန် နိုဝင်ဘာ ၁၃

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ရန်ကုန်တိုင်း ဒေသကြီးရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့သည်။

ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့၏ ဘဏ်လုပ်ငန်း ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးရာ ဦးဆောင်ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီးရုံးနှင့် ဘဏ်ခွဲများ၏ ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှု၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပြီး၊ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၏ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို သွားရောက်စစ်ဆေးသည်။

နိုဝင်ဘာ ၁၂  ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်မှုကို စစ်ဆေးကြပ်မတ်၍ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ အစိုးရ၊ ပုဂ္ဂလိက နိုင်ငံခြားဘဏ်လုပ်ငန်းများကို ဆက်လက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ယာယီကန့်သတ်ထားရသည့် ငွေထုတ်ကန့်သတ် ချက်ဘောင်အတွင်း ဘဏ်နှင့်ဆက်သွယ်သူပြည်သူများ တတ်နိုင်သမျှ အဆင်ပြေရေးနှင့် မျှမျှ တတဖြစ်ရန် ဆောင်ရွက်ပေးရေး၊ အဂတိတရားကင်းရှင်းရေး၊ ရသင့်ရထိုက်သည့် အခွန် အကောက်များ ပြည့်ဝစွာကောက်ခံရရှိရေး၊ online ဖြင့်အခွန်ပေးဆောင်မှုများ အဆင်ပြေအောင် အခွန်ဌာနနှင့်ဘဏ်တို့ ညှိနှိုင်းဆောင်ရွက်ရေး၊ အာမခံလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများ၊ နိုင်ငံခြားအာမခံကုမ္ပဏီများနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရေး၊ ဝန်ထမ်းများ နိုင်ငံတော်အပေါ် သစ္စာရှိရေး၊ ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များအား ဆက်လက်လိုက်နာရေးတို့ကို ဆွေးနွေးမှာကြား၍ ဌာနအသီးသီး၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)