ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၆) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ ၃၁

 

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ (၃) နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်သည်။

 

ပြိုင်ပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

ယနေ့ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

 

နိုဝင်ဘာ ၁ ရက်တွင် ပြိုင်ပွဲ (၁) ရက်နားမည်ဖြစ်ပြီး နိုဝင်ဘာ ၂ ရက်တွင် တတိယလုပွဲ ပွဲစဉ်အဖြစ် ညနေ(၃)နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်