နေပြည်တော်၊ဒီဇင်ဘာ (၂၇)
အားကစားနှင့် ကာယပညာဦးစီးဌာန ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေမှူးချုပ်များ၊ သင်တန်းသားများ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတာဝန်များ ထမ်းဆောင် နေသည့် ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဘတ်ဂျက်ရေးဆွဲရာတွင် အခြေခံရမည့် အချက်အလက်များကို သိရှိနားလည်ပြီး ဘတ်ဂျက်ကျော်လွန်သုံးစွဲမှု မဖြစ်စေရေးနှင့် အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်ကလည်း အထူးကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပလျက်ရှိသော ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ရုံ၌ ကျင်းပလျက်ရှိသော ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်