နေပြည်တော် ဒီဇင်ဘာ ၃၀

 

ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက် နိုင်စေရန်၊ ကွန်ပျူတာကို စနစ်တကျနားလည်တတ်ကျွမ်းစွာကိုင်တွယ် အသုံးပြုနိုင်စေရန်နှင့် ကွန်ပျူတာနှင့် ပတ်သက်သည့် ဗဟုသုတများ ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍  "အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား"ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းသားများကိုယ်စား သင်တန်းသား/သင်တန်းသူ(၂)ဦးကို သင်တန်းဆင်း လက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင်သင်ခန်းစာများအား သင်ကြားပို့ချပေးခဲ့သည့် သင်တန်းနည်းပြ ဆရာ/ဆရာမ(၃)ဦးတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂ခုနှစ်၊(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ များကို ဝဏ္ဏသိဒိ္ဓအားကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိသော လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)