နေပြည်တော် ဒီဇင်ဘာ ၁၇

 

မြန်မာ့သိုင်းဒိုင်လူကြီးနှင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ် သည့် မြန်မာ့သိုင်းပညာရပ်ကို ပြန့်ပွားတိုးတက်စေရေးနှင့် "မြန်မာလူမျိုးတိုင်း သိုင်းတတ်ရမည်" ဟူသော ဆောင်ပုဒ်အတိုင်း မြန်မာ့သိုင်းအဖွဲ့ချုပ်အနေဖြင့် အမျိုးသားရေးတာဝန်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ သိုင်းပညာရှင်များအချင်းချင်း စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မြဲစေရန်၊ မြန်မာ့သိုင်းပညာရပ်များ နှီးနှောဖလှယ်နိုင်စေရန်၊ မျိုးဆက်သစ်သိုင်းပညာရှင်များ ပေါ်ထွက်လာစေရန်အတွက်ရည်ရွယ်ကြောင်း၊ မြန်မာလူငယ်များ သိုင်းပညာရပ်များကို စိတ်ဝင်တစား လေ့လာလိုက်စား စေခြင်းဖြင့် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် ကျန်းမာသန်စွမ်းသူများဖြစ်လာစေရန်နှင့် မြန်မာ့သိုင်း ဗန်တို/ ဗန်ရှည်ပညာရပ်များ နိုင်ငံတကာသို့ပြန့်နှံ့ရောက်ရှိစေရေးအတွက် အထောက်အကူဖြစ်စေရန်အတွက် ဖွင့်လှစ်သင်ကြား ပို့ချပေးခြင်းဖြစ်ကြောင်း။

 

မြန်မာ့သိုင်းအားကစားနည်းကို အရှေ့တောင်အာရှအားကစားပြုင်ပွဲ SEA Games များတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိနိုင်ရန်အတွက် အဖွဲ့ချုပ်များအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ SEA Games များတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ဗိုဗီနမ် အားကစားနည်း၊ အင်ဒိုနီးရှား နိုင်ငံအနေဖြင့် ပန်ကြပ်ဆီလပ် အားကစားနည်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အားနစ် အားကစားနည်းများ ထည့်သွင်းကျင်းပနိုင်ရန်အတွက် အားထည့် ဆောင်ရွက်ခဲ့ကြကြောင်း မြန်မာ့သိုင်းအဖွဲ့ချုပ်အနေဖြင့် မြန်မာ့သိုင်း အားကစားနည်းအား ထည့်သွင်းကျင်းပခွင့် ရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးမှ သင်တန်းသားများကိုယ်စား သင်တန်းသား/သင်တန်းသူ(၂)ဦးကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းနည်းပြများကိုယ်စား မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ဒိုင်ချုပ် ဆရာကြီး ဦးစိန်ဝင်းကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)