နေပြည်တော် မေ ၂၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန် လမ်းပိုင်း)ရှိ လမ်းအသုံးပြုခ ကောက်ခံနေသည့် တိုးလ်ဂိတ်များသို့ရောက်ရှိပြီး လမ်းအသုံးပြုခ ကောက်ခံမှုစနစ်များနှင့် နည်းပညာဆိုင်ရာ ဆောင်ရွက်ထားမှု၊ အမြန်လမ်းမကြီး၌ ဖြတ်သန်းခွင့်ရှိသည့် Telematic စနစ် တပ်ဆင်ထားသည့် သတ်မှတ်ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်မှန်လုံယာဉ်များ၏ ဘေးအန္တရာယ်ကင်းရှင်း၍ သတ်မှတ် တန်ချိန်ကျော်လွန်မှုမရှိစေရန် တိုးလ်ဂိတ်ရှိ ကတ္တားပေါ်၌ ချိန်တွယ်၍ ဖြတ်သန်းမောင်းနှင်သွားလာနေမှု၊ နေ့စဉ်ကောက်ခံရရှိသည့် လမ်းအသုံးပြုခများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျစာရင်းပြုစုထားမှု၊ တိုးလ်ဂိတ်အဆောက်အအုံနှင့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၆၅/၁-၁၆၅/၃)ကြားရှိ ဆွာချောင်း တံတား(အပြန်) တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားအဟောင်း ဖျက်သိမ်းမှုနှင့့် တံတားအသစ်တည်ဆောက်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ၁၁၅မိုင်(ဖြူး)တိုးလ်ဂိတ်နှင့် အမှတ် (၃)တိုးလ်ဂိတ်တို့တွင် လမ်းအသုံးပြုခ ကောက်ခံနေမှု နှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှု အခြေအနေ ၊ တိုးလ်ဂိတ်ရှိ ကတ္တားပေါ်သို့ မော်တော် ယာဉ်များ ဖြတ်သန်းမောင်းနှင်သွားလာနေမှုများအား ချိန်တွယ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


