နေပြည်တော် ဧပြီ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အင်ဂျင်နီယာအဖွဲ့များနှင့်အတူ သက်ဆိုင်ရာကစစ်ဆေး၍ အပြာရောင်အဆင့်သတ်မှတ်ချက်ဖြင့် ပြန်လည်နေထိုင်ခွင့်ပြုထားသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များသို့ ထလိုက်လံကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စံပယ်အိမ်ရာသို့ သွားရောက်ပြီး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံကာ သောက်သုံး ရေနှင့် လျှပ်စစ်မီးရရှိမှု၊ အသေးစားပြင်ဆင်ပေးရမည့် လုပ်ငန်းများ ရှိ၊ မရှိ၊ ခွဲဝေရရှိသောအခန်းနှင့် နေထိုင်သည့် ဝန်ထမ်းဦးရေ ကိုက်ညီမှု ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် သဇင် (၁)၊ သဇင် (၂)၊ သဇင် (၄) အပျိုဆောင်များတွင် အဆောင်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေမှုကို လည်းကောင်း၊ သဇင် (၅)နှင့် သပြေ (၄)လူပျိုဆောင်များကို လည်းကောင်း၊ သဇင် (၆)၊ သဇင် (၇) နှင့် သပြေ (၂) အပျိုဆောင်များကိုလည်းကောင်း၊ အင်ကြင်းအိမ်ရာနှင့် ဘူးကွဲအိမ်ရာရှိ တိုက်ခန်းများကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အိမ်ရာများတွင် ယုံကြည်စိတ်ချစွာ နေထိုင်နိုင်ရေးအတွက် အင်ဂျင်နီယာစစ်ဆေးချက်များကို ရှင်းလင်းပြောကြားကာ အားပေးစကား ပြောကြားသည်။
ယင်းနောက် ပုဗ္ဗသီရိမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရန် ဆောက်လုပ်ပြီးစီးသော ဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ နေရာချ ထားမှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး စီစဉ်ဆောင်ရွက်ပေးမှု၊ ရုံးတက်ရုံးဆင်း ဖယ်ရီကားစီစဉ်ပေးမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ယာယီနေထိုင်စဉ်ကာလ အတွင်း လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံ အဆင့်ဆင့်သတင်းပို့ ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)