နေပြည်တော် ဇန်နဝါရီ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ရုံးသို့သွားရောက်ပြီး သင်တန်းခန်းမ၌ ဖွင့်လှစ်လျက်ရှသည့် ခေတ်မှီမော်တာစက်ချုပ် အခြေခံသင်တန်းတက်ရောက်နေသည့် သင်တန်းသူများကို တွေ့ဆုံအားပေး၍ သင်ထောက်ကူ ပစ္စည်းများ ပေးအပ်သည်။

အဆိုပါသင်တန်းသို့ ဘားအံမြို့နယ် ထော့ဖားထော့ကျေးရွာ၊ ကော့တာမွန်ကျေးရွာ၊ မုက္ကဒိကျေးရွာတို့မှ သင်တန်းသူ (၂၀) ၊ ကော့ကရိတ်မြို့ ရပ်ကွက် ၄ နှင့် ၇ တို့မှ သင်တန်းသူ (၁၀) ဦး စုစုပေါင်း ကရင်၊ ပအိုဝ်းတိုင်းရင်းသူ (၃၀) တက်ရောက်လျက်ရှိသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကရင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး၊ သမဝါယမဦးစီးဌာနရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးများသို့ သွားရောက်၍ ပြည်နယ်နှင့်မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ယာယီတိုက်ပွဲရှောင်ဒေသများမှ တွဲဖက်ထားသော ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေးကိစ္စများ အဆင်ပြေ/ မပြေ၊ မိသားစုဝင်များ အခက်အခဲရှိ/ မရှိ တွေ့ဆုံမေးမြန်း ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ မိမိဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေကြိုးစားရန် ၊ ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်၍ ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးသတိ ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်