နေပြည်တော် ဇူလိုင် ၂၄

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းတွင် စစ်တွေမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပုံမှန်ရုံးလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်၊ ဦးစီးဌာနအလိုက် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက တတ်နိုင်သမျှဆောင်ရွက်ပေးရန်၊ သင်တန်းများတက်ရောက်ရာတွင် ထူးချွန်စွာအောင်မြင်ရေး ကြိုးစား ဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အဆိုပါရုံး၌ ပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ နှင့်အတူ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းအမှုဆောင်များနှင့် တွေ့ဆုံသည်။

 

 သမဝါယမဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးက ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အထွက်တိုးစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ မြေဩဇာနှင့် သွင်းအားစုများ အချိန်မီဖြန့်ဝေနိုင်ရေးအတွက် သမဝါယမအသင်းစုချုပ်နှင့် အသင်းများမှ ပံ့ပိုး ကူညီပေးရေး၊ ရခိုင်ဒေသတွင် စိုက်ပျိုးရေး သမဝါ ယမအသင်းများ ဖွဲ့စည်းစိုက်ပျိုးမည့် စိုက်ဧက (၆,၁၁၈) ဧကအား အောင်မြင်အောင် စိုက်ပျိုးရေးမှာကြားကာ အသင်းအမှုဆောင်များ၏ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင် သင်တန်းသူများ အခြေခံစက်ချုပ် နည်းပညာသင်တန်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)