နေပြည်တော် ဖေဖော်ဝါရီ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာသို့ ရောက်ရှိပြီး ပဲတီစိမ်းစိုက်ခင်းများ ရိတ်သိမ်းနေမှု၊ ပဲတီစိမ်းစိုက်တောင်သူများနှင့် အစုအဖွဲ့များအကြား ဒေသပေါက်ဈေးနှင့် ဝယ်ယူ ရောင်းချနေမှု ၊ ပဲတီစိမ်းစိုက် တောင်သူများသို့ ထုတ်ပေးထားသော မျိုးနှင့် သွင်းအားစုများအတွက် သတ်မှတ်နှုန်းထားများအတိုင်း ပြန်လည်ပေးသွင်းမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ပဲတီစိမ်းစိုက် သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံ၍ ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးပြီးပါက နွေစပါးစိုက်ပျိုးရေးအတွက် ဆက်လက်ဆောင် ရွက်ကြရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ သီးနှံရောင်းရငွေများထဲမှ နိုင်ငံတော်ကချေးယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီး ကြွေးမြီကင်းစင် သည့် မိသားစုဘဝကို ရယူကြရေး တိုက်တွန်းမှာကြားသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံပဲတီစိမ်း စိုက် ဧက (၂၃၀,၀၀၀) စိုက်ပျိုးလျက်ရှိပြီး သမဝါယမစနစ်ဖြင့် ကဝ၊ ဒိုက်ဦး၊ ညောင်လေးပင်နှင့် ပြည် မြို့နယ်များတွင် စိုက်ဧက (၂၀၄၆၇) ဧက ပူးပေါင်းပါဝင် စိုက်ပျိုးလျက်ရှိသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ထားသော ကဝမြို့နယ်၊ ကျိုက်ပဒိုင်-တာဝ-ဖလေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၁)မိုင် ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုကို ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် လမ်းမိုင်များကို ဘဏ္ဍာနှစ်အလိုက် ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)