နေပြည်တော် ဩဂုတ် ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း RC နှစ်ထပ်စာသင်ဆောင်ပန္နက်တင်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ရှိ အဆိုပါသက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်၍ ပန္နက်ရိုက်ပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက် ကျေးရွာ၌ အောင်ကောင်းမြတ်လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းမှ အမှုဆောင်များ၊ အသင်းသူအသင်းသားများနှင့် တွေ့ဆုံ၍  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေး သမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး သဘာဝမြေဩဇာထုတ်လုပ်‌ရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အသင်းသား ဦးအေးနိုင် ၏ မွေးမြူရေးခြံတွင် နွား (၃၆) ကောင် မွေးမြူထားမှုအား ကြည့်ရှုစစ်ဆေးပြီး နွားစာမြက်များ စိုက်ပျိုးရေးနှင့် မျိုးစပ်ရေးဆိုင်ရာများ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သော စိုက်ပျိုးမြေ ဧက၂၀၀အား အကျိုးပြုသည့် ၁၃၇ကီလိုဝပ်ဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ ကြည့်ရှုအားပေး ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ပိုမိုထွက်ရှိသည့် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စမ်းသပ် စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြို့သစ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မိုးကောင်း-မြို့လုလင် မြေသားလမ်း ၄ မိုင် ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆူးတက်ကြီးကျေးရွာအုပ်စုရှိ စပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ အထွက်တိုးစပါးမျိုးများဖြင့် မိုးစပါးနွေစပါးစိုက်ပျိုးနိုင်ရေး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်