နေပြည်တော် နိုဝင်ဘာ ၁၉

 

ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ခေတ်မီစံပြကျေးရွာစီမံကိန်း လုပ်ငန်းများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်မှုနှင့် စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တွေ့ဆုံ ဆွေးနွေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီး၊ ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် ပင်းတယမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော (၅၈x၅၃x၂၄)ပေ RC (၂) ထပ် ရုံးအဆောက်အဦ ဆောက်လုပ်နေမှုနှင့် ပွေးလှ-တမဲ ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး၊ ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ပင်းတယမြို့နယ်၊ ကျားကုန်းကျေးရွာသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(RBF)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဝက်မွေးမြူရေးလုပ်ငန်း၊ အာလူးကြော်လုပ်ငန်းနှင့် နွားမွေးမြူရေးလုပ်ငန်းတို့ကို ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။

ယင်းနောက် အိမ်ခြေ(၁၄၄)အိမ်၊ လူဦးရေ(၆၈၄)ဦး၊ စိုက်ပျိုးဧက(၄၀၀)အတွက် အကျိုးပြုစေမည့် အရှည်(၁) မိုင်(၂)ဖာလုံရှိသော ကလောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော လေးအိမ်ကုန်းကျေးရွာ ကုန်းထုတ်လမ်းကို ကြည့်ရှု့စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ပေးမည့် ကုန်ထုတ် လမ်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ဆောင်ရွက် နေသော ညောင်ရွှေမြို့နယ် မြင့်မိုရ်နန်းစားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းအား ကြည့်ရှု့လေ့လာရာ လုပ်ငန်းရှင်၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ အေးသာယာစက်မှုဇုန်ရှိ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုပိုင် မြမဉ္ဇူဆီစက်ကို ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက ဆီစက်အတွက်လိုအပ်သော ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးပြည့်မီသော ဆီများထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)