နေပြည်တော်  ဩဂုတ်  ၂၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာသို့သွားရောက်ပြီး လုပ်ငန်းရှင် ဦးဖြူကိုနှင့် ဒေါ်မီမီကျော်တို့၏ ဇီဝဇိုးငှက်သိုက် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို ကြည့်ရှုလေ့လာသည်။  

 

လုပ်ငန်းရှင် ဦးဖြူကိုသည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရင်း ဇီဝဇိုးငှက်သိုက်မွေးမြူရေးလုပ်ငန်းကို တွေ့မြင်ခဲ့ရာမှ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်၌ ဒေါက်တာတင့်‌ဆွေရေးသားသော စီးပွားဖြစ် ဇီဝဇိုးငှက်သိုက် စာအုပ်အား ဖတ်ရှုလေ့လာခြင်း၊ YouTube နှင့် Facebook တို့မှလေ့လာခြင်းအပြင် ရန်ကုန်မြို့ရှိ လုပ်ငန်းရှင် တစ်ဦးထံသို့ သွားရောက်ကြည့်ရှုလေ့လာကာ ယခုလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့ကြောင်း၊ ငှက်ခေါ်အသံစနစ်၊ အခန်းတွင်း အစိုဓာတ်ထိန်းညှိခြင်းစနစ်တို့ ပါဝင်သော ပေ ၅၀ x ပေ ၂၀ နှစ်ထပ် အဆောက်အဦ ဆောက်လုပ်ပြီးစ၌ ဇီဝဇိုးငှက် ၇ ကောင် စတင်ရောက်ရှိလာရာမှ ယနေ့အချိန်တွင် ကောင်ရေ ၅၀၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း၊ ငှက်သိုက်ကုန်ကြမ်းခူးခြင်းလုပ်ငန်း၊ ကုန်ချောထုတ်လုပ် ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထန်းတပင်ကျေးရွာသို့ သွားရောက်၍ လုပ်ငန်းရှင် ဦးဖြူကိုနှင့် ဒေါ်မီမီကျော်တို့၏ PMK သဘာဝဇီဝဇိုးငှက်သိုက် ထုတ်လုပ်ဖြန့်ချိရောင်းဝယ် ရေးလုပ်ငန်းကို ကြည့်ရှုအားပေးသည်။ အဆိုပါ လုပ်ငန်းအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ငှက်သိုက်တာရှည်ခံထုတ်လုပ်မှုနည်းပညာ ပံ့ပိုးကူညီပေးခဲ့သည်။

 

ထိုနောက် ညောင်ကုန်းခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းမှ မွမ်းမံအပ်ချုပ်သင်တန်း အောင်မြင်ပြီးသူများက အပ်ချုပ်ဆိုင်ဖွင့်၍ လုပ်ငန်းထူထောင် လုပ်ကိုင်နေမှု အခြေအနေကို ဝင်ရောက်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ညောင်ကုန်းခေတ်မီစံပြကျေးရွာ (Smart Village) ၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော လုပ်ငန်းများ၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဆက်လက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို စိစစ်မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ညောင်ကုန်း၊ အောင်သုခ၊ မဲကြီး၊ ရွာမကျေးရွာ (၄)ရွာမှ မိုးစပါးစိုက် သမဝါယမ အသင်းသား တောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံ နေကြာနှင့်နှမ်း ဆက်လက်စိုက်ပျိုးကြရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)