နေပြည်တော် ဒီဇင်ဘာ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ  ယနေ့နံနက်ပိုင်းတွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူနှင့် ဓနုဖြူမြို့နယ်များမှ သမဝါယမအသင်းစုများ၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးများ၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
 
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံနေကြာကို ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ သမဝါယမအသင်း အဖွဲ့များက ၁၆,၅၁၉ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ယခု တက်ရောက်လာသော မြို့နယ် (၇) မြို့နယ်တွင် ၇,၃၈၅ ဧက စိုက်ပျိုးမည်ဖြစ်ရာ ရေဆင်းစပ်မျိုး-၁ မျိုးများ အချိန်မီဖြန့်ဝေပေးရန်၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အသုံးပြုနိုင်ရန်၊ ထွက်ရှိလာသည့်သီး နှံများကို ဟင်္သာတမြို့နှင့် ပုသိမ်မြို့ရှိ သမဝါယမဆီစက်များနှင့် (၁၉) မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆီစက် (၁၀၇) တို့တွင် ကြိတ်ခွဲနိုင်သည်အထိ ဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းစုများ၊ အသင်းများက လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းလိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးအရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များ မှာကြားပြီးတက်ရောက်လာသော မြို့နယ်အသီးသီးရှိ သမဝါယမအသင်းစု ဥက္ကဋ္ဌများနှင့် အမှုဆောင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရေးနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်(၇) မြို့နယ်အတွင်းမှ နေကြာစိုက်ဧက (၅၆၉၀) တွင် စမ်းသပ်အသုံးပြုရန်အတွက် ရုရှားသဘာဝရွက်ဖျန်းမြေဩဇာများကို ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးတို့က ပေးအပ်ရာ သမဝါယမအသင်းအမှုဆောင်များက လက်ခံရယူကြသည်။

ထိုမှတဆင့် ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာသို့သွားရောက်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ခရိုင်ရုံးမြေနေရာကို ကြည့်ရှုစစ်ဆေးကာ ရုံးမြေပိုင်ဆိုင်မှုအတွက် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်၊ ရုံးအဆောက်အဦး ဆောက်လုပ်နိုင်ရေးအတွက် ဘဏ္ဍာငွေ လျာထားတင်ပြဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်