နေပြည်တော် ဇွန် ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇွန် ၁၅ ရက်၊ နံနက်ပိုင်းက  တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးသည်။ 

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဟင်္သာတခရိုင် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ရွှေတောင်စုကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်မှူးက မကျီးကုန်းကျေးရွာအုပ်စု၊ အိမ်ခြေ (၁၀၇) အိမ်၊ လူဦးရေ (၃၅၄) ဦးရှိသော ရွှေတောင်စုကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ဒေသခံပြည်သူများက ကျေးရွာ၏ လက်ရှိ‌‌ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ကျေးရွာ၏ လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ရွှေလဝန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း လီမိတက်အတွက် ထောက်ပံ့ငွေများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီးမံကိန်း VDP ဖြင့် ‌ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ထောက်ပံ့ငွေများအား ကျေးရွာလူထုကိုယ်စား ကျေးရွာ‌ခေါင်းဆောင်ထံ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်စုကျေးရွာ၏  သစ်ပင်စိုက်ပျိုးပွဲ‌တော်၌ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက ကျောင်းဆုပေးပွဲအခမ်းအနား ကျင်းပရေးအတွက် အလှူငွေကျပ် (၁၀)သိန်းနှင့် စာအုပ် စာစောင်များ၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပုသိမ်မြို့၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်အုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဇွန် ၁၆ ရက်၌ ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ သင်တန်းသား/ သင်တန်းသူများနှင့် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်