ဒုတိယဝန်ကြီး ဦးမြင့်စိုး ကလောမြို့နယ် ဘော်နင်းခေတ်မီစံပြကျေးရွာ (Smart Village) ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အတူ ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေး RBF ရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ အစုအဖွဲ့ဖြင့် ဆောင်ရွက်သောလုပ်ငန်းဖြစ်၍ မိသားစုဝင်ငွေတိုးရေး၊ ဒေသ၏ အသားငါးဖူလုံရေးတွင် အထောက်အကူဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးသို့သွားရောက်ပြီး ဆီဆိုင်ဒေသမှ ယာယီတွဲဖက်ထားသော ဝန်ထမ်းများ၊ ဝန်ကြီးဌာန  ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဆီဆိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းမိသားစုဝင်များ၏ အခက်အခဲများကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးရန် မှာကြားပြီး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက အားပေးစကား ပြောကြားသည်။ ထို့နောက် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဟိုပုံးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ RC (၂) ထပ် ရုံးသစ်တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ လက်ရက်ကန်း (၆) လ သင်တန်း တက်ရောက်နေသော သင်တန်းသူများ၏ လက်တွေ့သင်ယူနေမှုကို ကြည့်ရှုအားပေးသည်။ ယင်းနောက် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ  နိုင်ငံတော်အစိုးရအနေဖြင့် ဝါစိုက်ပျိုးရေးနှင့် ချည်မျှင် ထုတ်လုပ်ရေးလုပ်ငန်းကို အားပေးဆောင်ရွက်လျက်ရှိရာ ရက်ကန်းသင်တန်းကျောင်းများအနေဖြင့် ချည်ထည် ရက်လုပ်ခြင်းနှင့် ဆိုးဆေးလုပ်ငန်းတို့တွင် သုတေသနတီထွင်စမ်းသပ်ထုတ်လုပ်မှုများ အောင်မြင်စေရေး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ကယားပြည်နယ်မှ ယာယီတွဲဖက်ထားသော ဝန်ထမ်းများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်နင်း ခေတ်မီစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာစိုက်ပျိုးရေးကို အခြေခံသော စံပြကျေးရွာအဖြစ် ပတ်ဝန်းကျင်ကျေးရွာများက အတုယူအားကျလောက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ IT ခန်းမနှင့်တွဲ၍ ကျေးရွာစာကြည့်တိုက် ဖွင့်လှစ်ရန်တိုက်တွန်းမှာကြားပြီး စာအုပ်စာစောင်များ ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပေးခဲ့သော မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်း တက်ရောက်အောင်မြင်ပြီးသူများက ဖွင့်လှစ်နေသော မိုးသောက်ကြယ် ဆိုင်ကယ်ပြုပြင်ရေးနှင့် Shan Star ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းတို့ကို သွားရောက်အားပေးကြည့်ရှုသည်။ အဆိုပါလုပ်ငန်းရှင် လူငယ်များသည် ရာသီသီးနှံများ စိုက်ပျိုးခြင်းအပြင် ဆိုင်ကယ်ပြင်လုပ်ငန်းမှလည်း လစဉ် အပိုဝင်ငွေ ကျပ်တစ်သိန်းခွဲခန့် ရရှိကြောင်း သိရသည်။

သတင်းစဉ်