နေပြည်တော် ဇူလိုင် ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကတင်ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ (၈၃) ဦး၏ ဝါစိုက်ဧက(၂၁၀)၌ စိုက်ပျိုးထားသော B-31 မိုးကြိုဝါများ ခူးဆွတ်ရိတ်သိမ်းနေမှုကို သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး Grade A ၊ Grade B အဆင့်မီဝါများ ရရှိနိုင်မှုနှင့် တစ်ဧကအထွက်နှုန်း၊ ဈေးကွက်ချိတ်ဆက်ရောင်းချနိုင်မှု အခြေအနေ တို့ကို မေးမြန်းဆွေးနွေးကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေရရှိရေးအတွက် တွင်းတိမ်တူးဖော်ပေးထားသော စိုက်ဧကများ၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုး ကြရေး မှာကြားသည်။
ကတင်ကျေးရွာ သမဝါယမဝါစိုက်ခင်း ဧက (၂၁၀)တွင် ဇူလိုင်လအတွင်း ဆွတ်ခူးရရှိမှုမှာ တစ်ဧကလျှင် ပိဿာ ၃၀၀ ကျော်ခန့် ရရှိထားပြီး ၁ ပိဿာလျှင် ငွေကျပ် ၃၂၀၀ နှုန်း ရောင်းချ ရကြောင်း၊ လာမည့်ဩဂုတ်လ၌ ဆက်လက်ခူးဆွတ်ပြီးပါက တစ်ဧကအထွက်နှုန်း ပိဿာ ၆၀၀ ကျော်ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့ တိုးပွားကြီး ဝါကြိတ်စက်နှင့် ဆီစက်လုပ်ငန်းသို့ သွားရောက်ပြီး မိုးကြိုဝါများ ဝယ်ယူရရှိမှု၊ ဝါကြိတ်ဝါဖိ လုပ်ငန်းအတွက် ကူညီပံ့ပိုးပေးရမည့် အခြေအနေတို့ကို လေ့လာမေးမြန်းရာ လက်ရှိအချိန်ထိ ဝါပိဿာချိန် ၆ သောင်းခန့် ဝယ်ယူရရှိပြီး ဖြစ်ကြောင်းနှင့် Grade A ၊ Grade B အဆင့်မီကြောင်း သိရှိရပြီး ဝါကြိတ်လုပ်ငန်းရှင်များ အနေဖြင့် စံချိန်စံညွှန်းမီဝါများ ဝယ်ယူရရှိနိုင်ရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝါစိုက်တောင်သူများ အား စည်းရုံးပညာပေးကြရန် မှာကြားသည်။
ယင်းနောက် ရမည်းသင်းမြို့ ငွေလှမြိုင် ဝါကြိတ်စက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးပြီး မိုးကြိုဝါဝယ်ယူရရှိမှု အခြေအနေကိုလေ့လာရာ Grade A ၊ Grade B အဆင့်မီဝါပိဿာချိန် တစ်သိန်းခန့် ဝယ်ယူရရှိကြိတ်ခွဲနေပြီဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပျော်ဘွယ်မြို့ ဂျိုးဖြူအီးအမ်ဘိုကာရှီ မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး နွားချေး၊ ကြက်ချေး အခြေခံ အီးအမ်ဘိုကာရှီ မြေဩဇာ ၂၅ ကီလို (အမှုန့်) ထုတ်လုပ်နေမှုနှင့် Diamond Light အမှတ်တံဆိပ်ဖြင့် ၅၀ ကီလို သဘာဝမြေဩဇာ (အလုံး) ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုအားပေးကာ သမဝါယမအသင်းစုများနှင့်ချိတ်ဆက်၍ စိုက်ပျိုးရေး တောင်သူများထံ ဖြန့်ဖြူးရောင်းချသွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် လုပ်ငန်းရှင် ဒေါက်တာမြတ်ဇံ၏ ဇီဝကမွေးမြူရေးလုပ်ငန်း အမျိုးမျိုးနှင့် အစာ ထုတ်လုပ်ဖြန့်ချိရေးစင်တာသို့ သွားရောက်၍ ကြက်ချေးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


