နေပြည်တော် ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၏ စိုက်ဧက(၂၁၀) စိုက်ပျိုးရေရရှိရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တွင်းတိမ်(၇)တွင်း တူးဖော်ဆောင်ရွက်ပေးခဲ့ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်တွင် အဆိုပါနေရာကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကတင်ကျေးရွာ ကုန်ထုတ်လမ်း ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာ၌ ရွှေစင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ စိုက်ဧက(၂၁၁)ဧကတွင် ရွှေတောင်-၁၀ ဝါမျိုးများ စိုက်ပျိုးနေသော အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ ဝါအထွက်နှုန်းတိုးရေးနှင့် အဆင့်မီချည် ထည်များထုတ်လုပ်နိုင်ရေး မှာကြားကာ ရမည်းသင်းမြို့နယ် နွားပွဲဈေးသို့ သွားရောက်၍ ဒေသနွားမွေးမြူထားရှိမှု၊ ရောင်းဝယ်ဖောက်ကားနေမှုများကို ကြည့်ရှုလေ့လာသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အင်ကြင်းကန် - အုတ်ဖို - ကြံပင် - ထန်းတော ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တပ်ကုန်းမြို့နယ် သမဝါယမအသင်းစုချုပ်သို့သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေဆုံ၍ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးသမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော နွေစပါး၊ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်း၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
သတင်းစဉ်


