နေပြည်တော် အောက်တိုဘာ ၁၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်း ကျေးရွာအုပ်စု၊ အိမ်ခြေ (၆၇) အိမ်၊ အိမ်ထောင်စု (၆၇) စု၊ လူဦးရေ (၁၀၅) ဦးရှိ အောင်စေတနာကျေးရွာ ဓမ္မာရုံတွင် ရွာသူရွာသားများနှင့်တွေ့ဆုံကာ မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ကျေးရွာ၏ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကိစ္စ၊ ဆောင်ရွက်ပေးရမည့် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြီး ရာသီသီးနှံများ စိုက်ပျိုးရန်အတွက် စမ်းဝတီ သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာတွင်းလမ်း အရှည်ပေ ၄၉၀ ရိစာခင်းခြင်း လုပ်ငန်း ဆောင်ရွက်မည့်နေရာ၊ လမ်းမီးတိုင် စိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာ၊ သပြေတန်းကျေးရွာနှင့် အောင်စေတနာကျေးရွာအကြား ရိစာခင်းရန်လိုအပ်သော အရှည်ပေ ၁၁၈၀ လမ်းပိုင်းနေရာကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn