နေပြည်တော် ဇွန် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁၄) ရွာမှ ဝါစိုက်တောင်သူများ၊ အောင်မြေသာယာ လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား တောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး မိုးဝါအတွက် လိုအပ်သော မျိုးများ၊ သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးရေ လိုအပ် သည့်နေရာများတွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသင်းသား တောင်သူများအတွက် ဓာတ်မြေဩဇာနှင့် စမ်းဝတီ သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ကာ တောင်သူများ၏ လိုအပ် ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြပြီး စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီများ၏ မျိုးစေ့များ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် သွင်းအားစုများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးကြသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးဝါ စိုက်ပျိုးရာသီတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၄) ရွာမှ သမဝါယမ အသင်း (၁၄) သင်း၏ ဝါစိုက်ဧက (၉၉၀) အတွက် ဝါမျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးသည့် အပြင် တန်ဖိုးငွေကျပ် (၁၉၈) သန်းနှင့် ညီမျှသော အာမိုဓာတ်မြေဩဇာ၊ စမ်းဝတီ သဘာဝမြေဩဇာနှင့် ကျောက်မှုန့်များ ထည့်သွင်းအသုံးပြုနိုင်ရေး ပံ့ပိုးပေးသွားမည်ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် ကြက်ပြစ်ကျေးရွာသို့ သွားရောက်ပြီး ကြက်ပြစ် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက်အသင်းသား တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝါစိုက်ပျိုးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အပူပိုင်းဇုန် ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းအဖွဲ့က To-Ne(တိုနေး) Top 300 တွင်းတူးစက်ကြီးဖြင့် ကျောက် ပန်းတောင်းမြို့နယ် ချောင်းဖျားကျေးရွာ၌ အနက်ပေ (၈၀၀)ရှိ စက်ရေတွင်း တူးဖော်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာ၌ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးထားသည့် စက်ရေတွင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ဆီထွက်သီးနှံစိုက် တောင်သူများ၊ နှစ်ကျပ်ခွဲ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး တိုက်တွန်း မှာကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်