နေပြည်တော် ဇန်နဝါရီ ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ကာ တန်ဖိုးမြင့်စားသောက်ကုန်များ ထုတ်လုပ်နေသော ဥယျာဉ်စုကျေးရွာအုပ်စု၊ မြို့ကုန်းကျေးရွာရှိ စောနေလ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်ဖြန့်ချိရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် လုပ်ငန်းရှင် ဦးသူရိန် က ဇီးတော်ဖီ၊ သရက်သီးသနပ်၊ သရက်ပျဉ်၊ သံပရာ သီးသနပ်၊ သံပရာယို၊ နနွင်းမှုန့်၊ တောရှောက်ပျားရည်နှင့် ငရုတ်သီးနှမ်းကပ်ကြော် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တန်ဖိုးမြင့်ထုတ်ကုန်များ ပိုမိုအဆင့်မှီစွာ ထုတ်လုပ်နိုင်ရေးအတွက် မိမိတို့အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေသတွင်းတောင်သူများ၏ ထွက်ကုန်သီးနှံများကိုလည်း ဝယ်ယူအသုံးပြုသွားရေး တိုက်တွန်းမှာကြားပြီး စားသောက်ကုန်ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြို့ကုန်းကျေးရွာ၊ စုပေါင်းခန်းမတွင် ကျေးရွာသူကျေးရွာ သားများနှင့် တွေ့ဆုံကာ ကျေးရွာတွင် စပါးစိုက်ဧက ၁၀၀ ကျော်ရှိသဖြင့် စိုက်ပျိုးရေးသမဝါယမ အသင်းများ ဖွဲ့စည်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးသွားကြ ရေး၊ ဆီထွက်သီးနှံ မြေပဲနှင့် နှမ်း အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရေး၊ မိမိတို့ဝန်ကြီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံ ကိန်းဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သော မုန့်လုပ်နည်းသင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ထောက်ပံ့ပေးထားသော စက်ပစ္စည်းများဖြင့် စီးပွားဖြစ် ထုတ်လုပ်ရောင်းချသွားနိုင်ရေး မှာကြားသည်။
ယင်းနောက် တာဝန်ရှိသူများက ဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အိမ်ခြေ (၂၁၅) အိမ်၊ လူဦးရေ (၉၄၂) ဦးအတွက် အကျိုးပြုသည့် ၄ လက်မ တွင်းနက်တူးဖော်ပြီးစီးမှု၊ ရေဂါလံ (၂၄၀၀) ဆံ့ အမြင့်ရေစင် တည်ဆောက်ပြီးစီးမှု၊ ပေ (၇၀၀၀) ရေပိုက်လိုင်းသွယ်တန်းပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ နေပြည်တော်သို့ လေ့လာ ရေး ခရီးလာရောက်ကြမည့် သင်တန်းသား/ သင်တန်းသူများ တည်းခိုနေထိုင်ရန် စီစဉ်ထားသော ရွာတော်တည်းခိုရေးစခန်းသို့ သွားရောက်၍ စုဝေးခန်းမဆောင်၊ အိပ်ဆောင်များ၊ ထမင်းစား ဆောင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် နေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်