နေပြည်တော် ဩဂုတ် ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ကုန်ထုတ်လမ်းအရှည် ၂ မိုင် ဖောက်လုပ်နေမှု၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အရှည် ၁ မိုင် ၂ ဖာလုံရှိ ဘုရားပြို ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းများကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက် ပြီး နိုင်ငံတော်က အားထားရသော သမဝါယမပညာတတ်များဖြစ်အောင် ကြိုးစားလေ့လာ သင်ယူကြရန် မှာကြားသည်။

ယင်းနောက် ကျောင်းသားများကိုယ်စား ဒုတိယနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပထမနှစ် ကျောင်းသားကျောင်းသူများက တေးသရုပ်ဖော် ဖျော်ဖြေမှုများဖြင့် တင်ဆက်ကပြကြရာ ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး သင်တန်းကျောင်း အတွင်း စာသင်ဆောင်၊ သင်တန်းသားအိပ်ဆောင်၊ သင်တန်းသူအိပ်ဆောင် တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ခရိုင်နှင့်မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြကြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ အခက်အခဲများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အသေးစားထုတ်ကုန် ပစ္စည်းများ ပြခန်းအတွင်း ခင်းကျင်းပြသထားသော  လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှု အားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ် သဖန်းဆိပ်ကျေးရွာသို့ သွားရောက်ပြီး မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ ပံ့ပိုးငွေကျပ်သိန်း (၁၀၀) ဖြင့် Pilot Project ဆောင်ရွက်နေသော သဖန်းဆိပ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ဧရာပဒေသာ စပါးမျိုး (၄၉) ဧက စိုက်ပျိုးထားမှုကို ကြည့်ရှုအားပေးပြီး အသင်းသားတောင်သူများနှင့် တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်းရရှိရေး မှာကြား၍ ဒေသဖွံ့ဖြိုရေးလုပ်ငန်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်