နေပြည်တော် ဖေဖော်ဝါရီ

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဦးစီးဌာနအလိုက် ဆောင်ရွက်နေသော ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများအား အချိန်မီပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ကြရေး မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော စာသင်ဆောင်၊ အိပ်ဆောင်များ၊ ရေစုကန် ဖူဆယ်ဘောလုံးအားကစားကွင်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် သီရိရတနာခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ပြည်‌ထောင်စုစိတ်ဓာတ်ခိုင်မြဲရေး၊ ဒုတိယနှစ် သင်တန်းသား သင်တန်းသူများအနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့် ရရှိရေးအတွက် လာမည့် အရည်အချင်းစစ်စာမေးပွဲကို ‌အောင်မြင်အောင် ကြိုးစားဖြေဆိုကြရေး တိုက်တွန်းမှာကြားသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မင်းဘူးမြို့နယ်အတွင်း ခေတ်မီစံပြကျေးရွာ (Smart Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တောင်မန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ဧက (၁၂၂၁)ရှိသည့်အတွက် အထွက်တိုးစပါးမျိုးများ ရယူစိုက်ပျိုး‌၍ ပန်းတိုင်အထွက်နှုန်းတိုးရေး မှာကြားသည်။ ဆက်လက်ပြီး  အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်းဆင်း သင်တန်းသူများ၏ ချုပ်ထည်လက်ရာများကိုလည်းကောင်း၊ သင်တန်းသူ မလဲ့လဲ့ကြည်၏ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း အပ်ချုပ်ဆိုင်ကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ (၂)ရွာ၊ အိမ်ခြေ (၉၂၇)အိမ်၊ လူဦးရေ (၄၃၉၃)ဦးကို အကျိုးပြုမည့် ကုန်းသာကျေးရွာနှင့် တောင်မန်း ကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင် ၅ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ယင်းနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ သွားရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တွေ့ဆုံကာ မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်